Home သတင်း ကန်ချနပူရီက ကလေးထိန်းကျောင်းကို ကားဝင်တိုက်၍ မူကြိုကလေး(၁၅)ဦး ဒဏ်ရာရ

ကန်ချနပူရီက ကလေးထိန်းကျောင်းကို ကားဝင်တိုက်၍ မူကြိုကလေး(၁၅)ဦး ဒဏ်ရာရ

10
Ref: & Photo - Thai PBS World and Nation Thailand

ဩဂုတ် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ကန်ချနပူရီခရိုင်ရှိ ဘန်နောင်ဆောင်းတုန် မူကြိုကလေးထိန်းကျောင်းအတွင်း ယနေ့ ဩဂုတ်လ(၇)ရက်နေ့ နေ့လည်ပိုင်းက မော်တော်ယာဥ်တစ်စီး ဝင်တိုက်၍ ကလေးငယ်(၁၅)ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

အဆိုပါမော်တော်ယာဥ်မှာ ကလေးငယ်များ နေ့လည်နေ့ခင်း အိပ်စက်အနားယူချိန်၌ စင်တာအဆောက်အအုံ စာသင်ခန်းထဲသို့ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကလေးငယ်(၃၄)ဦးရှိသည့်အနက် (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယာဥ်တိုက်မှုကြောင့် စာသင်ခန်းပျက်စီးသွားသလို ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်များမှာလည်း အသက်အန္တရာယ်မရှိဘဲ လက်ရှိတွင် ဆေးရုံသို့ပို့ဆောင်ကုသလျက်ရှိကြောင်း ထိုင်းသတင်းများမှ သိရသည်။

Ref: & Photo – Thai PBS World and Nation Thailand

အဆိုပါမော်တော်ယာဥ်သည် လမ်းကြောင်းမှလွဲချော်၍ ကလေးထိန်းကျောင်းအတွင်း ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယာဥ်ထိန်းချုပ်မရသည့်အကြောင်းအရင်းနှင့် ယာဥ်မောင်း၏အခြေအနေကိုမူ ထိုင်းအာဏာပိုင်များက ဆက်လက်စုံစမ်း ထုတ်ပြန်ရန် ကျန်ရှိနေသေးကြောင်း ဖော်ပြသည်။

ထို့အတူ ယနေ့ ဩဂုတ်လ(၇)ရက်နေ့ တစ်ရက်တည်းတွင်ပင် ဘန်ကောက်၊ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ခုတွင် အသက်(၁၄)နှစ်အရွယ် ကျောင်းသားက ၎င်းတက်နေသည့်စာသင်ကျောင်းရှိ ဆရာ၊ဆရာမ အပါအဝင် ကျောင်းသူ၊ ကျောင်းသား(၅)ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သလို ကိုယ်တိုင်အဆုံးစီရင်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းလည်း ထိုင်းမီဒီယာများမှ သိရသည်။

ယင်းဖြစ်စဥ်နှင့်ဆက်စပ်၍ အမှုကျူးလွန်သူ၏နေအိမ်ကို ရဲတပ်ဖွဲ့များစုံစမ်းချက်အရ အဘိုး၊ အဘွားတော်စပ်သူ(၂)ဦးမှာ သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည်။ ထို့ကြောင့် စုစုပေါင်းသေဆုံးသူ(၉)ဦးရှိခဲ့ပြီး နောက်ထပ် ထိခိုက်ဒဏ်ရာရသူလည်း (၁၅)ဦး အထိ ရှိထားသည်။