Home သတင်း စစ်အုပ်စုကို ဖျက်သိမ်းမှ မြန်မာရှိ ဆိုက်ဘာရာဇဝတ်ဆင့်ပွား ကွန်ရက်ကြီးကို ရပ်တန့်နိုင်မည်ဟု JFM ထောက်ပြ

စစ်အုပ်စုကို ဖျက်သိမ်းမှ မြန်မာရှိ ဆိုက်ဘာရာဇဝတ်ဆင့်ပွား ကွန်ရက်ကြီးကို ရပ်တန့်နိုင်မည်ဟု JFM ထောက်ပြ

8
Photo: Internet

ဩဂုတ်၊ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုသည် မြန်မာနိုင်ငံရှိ ဆိုက်ဘာရာဇဝတ်လုပ်ငန်း(ကျားဖြန့်)၏ အဓိကဗဟိုချက်ဖြစ်သည့်အတွက် ၎င်းကိုရပ်တန့်နိုင်ရေး စစ်ရာဇဝတ်ဂိုဏ်းကိုဖျက်သိမ်းမှရမည်ဟု Justice for Myanmar (JFM) က ဩဂုတ်လ(၆)ရက်နေ့၊ ထုတ်ပြန်ချက်တွင် ထောက်ပြပြောဆိုသည်။

မြန်မာနှင့်ထိုင်းအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ထိခိုက်နစ်နာဆုံးရှုံးမှုရှိစေသည့် ဆိုက်ဘာရာဇဝတ် ဆင့်ပွားလုပ်ငန်းကွန်ရက် ကြီးထွားရေးအတွက် စစ်အုပ်စုက အရင်းခံဖြစ်နေပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ်-BGF ကိုလည်း လက်သည်မွေးထားကာ လှုပ်ရှားစေသည်ဟု JFM က ဆိုသည်။ ထိုသို့ဖြင့် စစ်အုပ်စု ကျုးလွန်နေသည့် ရာဇဝတ်မှုများအတွက် ဘဏ္ဍာငွေအဖြစ် ထောက်ပံ့ပေးနေကြောင်း ထောက်ပြသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အကျိုးအမြတ်ရရှိနေသည့် ထိုင်းနိုင်ငံပိုင် ကုမ္ပဏီများနှင့် အဂတိလိုက်စားနေသည့် အရာရှိအချို့၏ ပါဝင်ပတ်သက်နေမှုကြောင့် နယ်စပ်ဒေသ မြဝတီမြို့နယ်ထဲတွင် ဆိုက်ဘာငွေလိမ်လုပ်ငန်းကို ပိုမိုကြီးထွားလာကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်းအစိုးရအနေဖြင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို မိတ်ဖက်အဖြစ်သဘောထားပြီး တွေ့ဆုံနေခြင်းသည် ဆိုက်ဘာငွေလိမ်လုပ်ငန်းဖြေရှင်းသည့်အကြပ်အတည်းကို ပိုမိုဆိုးဝါးစေသည်ဟု JFM က ပြောသည်။

BGF ၏ တပ်မှူးဖြစ်သူဗိုလ်မုတ်သုန်ကို ထိုင်းက လူကုန်ကူးမှုဖြင့် ဖမ်းဝရမ်းထုတ်ထားသလို အလားတူ တာဝန်ရှိသည့် စောချစ်သူ(စံမြင့်)နှင့် စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ အခြားခေါင်းဆောင်များကိုလည်း ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ရေး အလျင်အမြန်လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ထိုင်းအစိုးရထံ တောင်းဆိုသွားသည်။

ထို့အတူ ယမန်နေ့ ဩဂုတ်လ (၆)ရက်နေ့ နှင့် (၇)ရက်နေ့တို့တွင် မြန်မာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံကိုရောက်လာကာ ထိုင်းအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံမှု၊ ထိုင်းဘက်က လက်ခံကြိုဆိုမှုအပေါ် JFM အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်ဆန္ဒပြမှုများ ရှိနေသည်။