Home သတင်း ဗိုလ်ဒါဘောဦးဆောင်သည့် ဒေါနအရှေ့ခြမ်းတိုက်ပွဲအတွင်း စစ်အုပ်စုစစ်ကြောင်း တစ်ကြောင်းလုံးနီးပါး ပြုတ်

ဗိုလ်ဒါဘောဦးဆောင်သည့် ဒေါနအရှေ့ခြမ်းတိုက်ပွဲအတွင်း စစ်အုပ်စုစစ်ကြောင်း တစ်ကြောင်းလုံးနီးပါး ပြုတ်

19
Photo: KNU

ဩဂုတ် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ဒေါနအရှေ့ခြမ်းတွင် စစ်အုပ်စုစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၂၈) ရင်းမှူး ဒုဗိုလ်မှူးကြီးစောဒါဘော ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ဩဂုတ်(၃)ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုစစ်ကြောင်းလိုက် ပြုတ်သွားကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်သည်။

တပ်မ(၂၂) လက်အောက်ခံ စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ-၂၀၃ နှင့် ခမရ-၂၁၀ တို့ပူးပေါင်းထားသော အဆိုပါစစ်ကြောင်းမှာ နယ်မြေစိုးမိုးရန် အင်အားအများအပြားဖြင့် ရှေ့တိုးလာခြင်းဖြစ်ပြီး KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် တိုက်ပွဲအတွင်း စစ်ကြောင်းဦးဆောင်လာသည့် ခမရ-၂၀၃ မှ ဗိုလ်မှူးအဆင့်ရှိ စစ်အုပ်စုအရာရှိတစ်ဦးအပါအဝင် တစ်ကြောင်းလုံးနီးပါး ထိခိုက်သေဆုံးမှုများရှိခဲ့သလို ၎င်းတို့ထံမှလက်နက်ခဲယမ်းအချို့ကိုလည်း ဒုဗိုလ်မှူးကြီးစောဒါဘော ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ရရှိလာသည့် လက်နက်ခဲယမ်းအချို့နှင့် သေဆုံးသူစစ်အုပ်စုတပ်ဖွဲ့ဝင်များကိုလည်း ကေအဲန်ယူက ပုံနှင့်တကွဖော်ပြထားသည်။

Photo: KNU

ထို့အပြင် စစ်အုပ်စု၏မတရားစစ်မှုထမ်းစေခိုင်းခြင်းနှင့် ရှေ့တန်းစစ်မျက်နှာစာသို့ စေလွှတ်ခြင်းခံရသူများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံကြရန် ကေအဲန်ယူက တဆက်တည်း ထပ်မံတိုက်တွန်းသွားသည်။

အာဏာသိမ်းပြီးနောက် တပ်မဟာ (၆) နယ်မြေတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုတို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလမှစတင်ကာ ဗိုလ်ဒါဘော စစ်ကြောင်းမှူးအဖြစ်တာဝန်ယူခဲ့သည့် ကော်ဘရာစစ်ကြောင်းကဲ့သို့ KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များက စစ်အုပ်စု တပ်ရင်းများကို ချေမှုန်းသိမ်းပိုက်ခဲ့သည်။

လက်ရှိအချိန်အထိလည်း တိုက်ပွဲအရှိန် ဆက်လက်ရနေပြီး စစ်အုပ်စုက ၎င်းတို့လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေကြောင်း ကရင်စစ်ရေးသတင်းများအရ သိရသည်။