Home သတင်း မယ်လဒုက္ခသည်စခန်းတွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးအလုံး(၁၀၀)ကျော် သိမ်းဆည်းရမိ

မယ်လဒုက္ခသည်စခန်းတွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးအလုံး(၁၀၀)ကျော် သိမ်းဆည်းရမိ

10
Photo: CJ

သြဂုတ် (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ် ခရိုင်၊ မယ်လဒုက္ခသည်စခန်းအတွင်း နေထိုင်သည့် အသက်(၂၀)အရွယ် အမျိုးသမီးတစ်ဦးထံမှ မူးယစ်စေတတ်သောစိတ်ကြွဆေး (၁၄၇)လုံး ကို ထိုင်းအာဏာပိုင်များက သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူထံမှသိရသည်။

အဆိုပါမူးယစ်ဆေးဝါးများကို ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်က မယ်လစခန်း၊ ဇုန် (C) C4၊ အိမ်နံပါတ် (၁၆၁) တွင်နေထိုင်သူ ထိုအမျိုးသမီးထံမှ လက်ဝယ်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကိုယ်တိုင်သုံးစွဲခြင်းအပြင် မူးယစ်ဆေးအရောင်းအဝယ်ပါ ပြုလုပ်နေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဆေးမှုတွင် အမျိုးသမီး၏ခင်ပွန်းလည်း ပါဝင်ပတ်သက်နေသည်ဟု အာဏာပိုင်များကယူဆကြပြီး ၎င်းမှာ လွတ်မြောက်နေဆဲဖြစ်သည်။ လက်ရှိ ထိုင်းအာဏာပိုင်များက အဆိုပါအမျိုးသမီးအား ဩဂုတ်လ(၂)ရက်နေ့က နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်၍ ဥပဒေအရ အရေးယူဆောင်ရွက်ရန် လုပ်ဆောင်နေခြင်းရှိသည်။

ယခုနှစ်ပိုင်းအတွင်း မယ်လဒုက္ခသည်စခန်းတွင် မကြုံစဖူး “ဘိန်းဖြူ” သုံးစွဲမှုများ သိသိသာသာ တိုးမြင့်လာပြီး အထူးသဖြင့် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များအပါအဝင် (၁၈) နှစ်မှ (၂၅) နှစ်ကြား လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲလာကြသည်ဟု စခန်းတာဝန်ခံ စောဆန်းဒေးက ပြောသည်။

Photo: CJ

“ဒီနှစ်ကစပြီး ဘိန်းဖြူတွေ သုံးစွဲတာတွေ များလာတယ်။ အရင်တုန်းက မရှိခဲ့ဘူး။ ဘယ်ကနေ ဝင်လာတာလဲ ဆိုတာတော့ မသိရသေးဘူး၊ ဆက်လက် စုံစမ်းနေတုန်းပဲ” ဟု စောဆန်းဒေးက ကေအိုင်စီသို့ ပြောသည်။

ထိုင်းအာဏာပိုင်များအနေဖြင့်လည်း မယ်လဒုက္ခသည်စခန်းအနီးတဝိုက်အပြင် ဒေသတွင်း လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

ယခု ၂၀၂၆ ခုနှစ် အတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အကြီးဆုံးဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် ဖြစ်စဉ်မှာ ယခုတစ်ကြိမ်အပါအဝင် ဒုတိယအကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။