Home သတင်း မဲဆောက်-ဖုတ်ဖရ လမ်းကြောင်းမှ တရုတ်နိုင်ငံသား ၂,၀၀၀ နီးပါး ရွှေ့ပြောင်းသည့်ကိစ္စ အမြန်စုံစမ်းရန် ထိုင်းအစိုးရကို လွှတ်တော်အမတ်ဟောင်း တိုက်တွန်း

မဲဆောက်-ဖုတ်ဖရ လမ်းကြောင်းမှ တရုတ်နိုင်ငံသား ၂,၀၀၀ နီးပါး ရွှေ့ပြောင်းသည့်ကိစ္စ အမြန်စုံစမ်းရန် ထိုင်းအစိုးရကို လွှတ်တော်အမတ်ဟောင်း တိုက်တွန်း

8
Ref: & Photo - The Reporters

သြဂုတ် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်-ဖုတ်ဖရ လမ်းကြောင်းမှတစ်ဆင့် နယ်စပ်၊ မြဝတီမြို့ရှိ ထိုက်ချန် အွန်လိုင်းငွေလိမ်လုပ်ငန်း၏ တရုတ်နိုင်ငံသား ၂,၀၀၀ နီးပါးကို ဝေါလေဘက်သို့ ပို့ဆောင်နေမှုသတင်း ထွက်ပေါ်လာသည့်အပေါ် အမြန်စုံစမ်းစစ်ဆေးရန် ထိုင်းလွှတ်တော်အမတ်ဟောင်း မစ္စတာ ကန်နာဝီက ထိုင်းအစိုးရထံ တောင်းဆိုသည်။

အွန်လိုင်းပေါ်ရှိ အချက်အလက်များနှင့် လက်ခံရရှိထားသော ဒေတာများအရ တရုတ်နိုင်ငံသားဟု ယူဆရသူ အများအပြားကို ကုန်တင်ယာဉ်များဖြင့် ထိုင်းနိုင်ငံဘက်မှ သယ်ယူနေသည်ဟု ဆိုသည်။

၎င်းတို့၏ အစီအစဉ်၊ အချက်အလက်နှင့် လူအရေအတွက်အတိအကျကို ထိုင်းအာဏာပိုင်များအနေဖြင့် စစ်ဆေးဖော်ထုတ်သင့်ကြောင်း မစ္စတာ ကန်နာဝီ၏ ပြောကြားချက်ကို The Reporters သတင်းဌာနက ဩဂုတ်လ(၁)ရက်နေ့တွင် ဖော်ပြထားခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ တရုတ်နိုင်ငံသား ထောင်ချီအား ဖုတ်ဖရလမ်းမှတစ်ဆင့် သယ်ဆောင်ခြင်းမှာ မြဝတီနှင့် ကျောက်ခက်ဒေသအကြားရှိ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေကို ဖြတ်သန်းသွားလာခြင်း မပြုလိုသည့်အတွက် ဖြစ်နိုင်ကြောင်းလည်း အမတ်ဟောင်းက သုံးသပ်ထားသည်။

“အတည်ပြုနိုင်တဲ့ အချက်အလက် မရှိသေးဘူးဆိုပြီး အစိုးရက ငြိမ်နေလို့ မရပါဘူး။ ဒီသတင်းအချက်အလက်တွေထဲက တစိတ်တဒေသ မှန်နေရင်တောင် လူနည်းစု တရားမဝင် နယ်စပ်ဖြတ်ကျော်တာ မဟုတ်တော့ဘဲ လူထောင်ချီကို ထိုင်းနိုင်ငံကို ဖြတ်သန်းရွှေ့ပြောင်းနေတဲ့ ကိစ္စ ဖြစ်ပါတယ်” ဟု မစ္စတာ ကန်နာဝီ၏ ပြောဆိုမှုကို The Reporters မှ ဖော်ပြသည်။

Ref: & Photo – The Reporters

ကျောက်ခက်ဒေသကိုမူ ကျားဖြန့်နှင့်ဆက်နွယ်သဖြင့် ပြီးခဲ့သည့်ရက်ပိုင်းတွင်ပင် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ထိန်းချုပ်ထားခြင်းဖြစ်သည်။

၎င်းအပြင် သတင်းမှန်ကန်ကြောင်း အတည်ပြုနိုင်ပါက ထိုင်းနိုင်ငံသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို အားပေးကူညီသည့်အသွင်ဖြင့် နိုင်ငံပုံရိပ်ကျဆင်းသွားနိုင်ကြောင်းလည်း ထိုင်းလွှတ်တော်အမတ်ဟောင်းက ထောက်ပြထားသည်။

ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် သာမန် လူဝင်မှုကြီးကြပ်ရေးဥပဒေထက် ကျော်လွန်သည့် ပြစ်မှုဆိုင်ရာ အတိုင်းအတာများဖြင့် သတ်မှတ်အရေးယူသင့်သည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးရေးအတွက် မဲဆောက်–ဖုတ်ဖရ လမ်းကြောင်းတစ်လျှောက်ရှိ CCTV မှတ်တမ်းများ၊ စစ်ဆေးရေးဂိတ်များ၊ ၎င်းတို့အသုံးပြုခဲ့သည့် ယာဉ်များ၊ တည်းခိုရာနေရာများ၊ ငွေကြေးစီးဆင်းမှုများနှင့် ပါဝင်ပတ်သက်သူများအား အမြန်ဆုံး ထောက်လှမ်းသင့်ကြောင်း မစ္စတာ ကန်နာဝီက အကြံပြုသည်။

ထို့အတူ စုံစမ်းစစ်ဆေးမှုရလဒ်များကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ချပြပေးရန်လည်း တဆက်တည်း တောင်းဆိုသွားသည်ဟု သိရသည်။