မတ် ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ရှိ စက်သုံးဆီဆိုင်များတွင် နယ်စပ်ဖြတ်ကျော်၍ ဆီဝယ်ယူ ခိုးဝှက် သယ်ဆောင်ကြသည့် မြန်မာဘက်က မော်တော်ယာဉ်အချို့ကြောင့် အမှန်တကယ် လိုအပ်သူ အခြား မြန်မာမော်တော်ယာဉ်များ ဆီဝယ်ယူရေး အခက်အခဲရှိလာကြောင်း ယာဉ်မောင်းများက ပြောသည်။
အရှေ့အလယ်ပိုင်း စစ်ပွဲပဋိပက္ခကြောင့် မတ်လ (၃) ရက်နေ့ နောက်ပိုင်းမှစ၍ မြန်မာပြည်၊ မြို့ကြီး အများစုတွင် ဆီအလုအယက် ဝယ်ယူသူ သိသိသာသာ များပြားလာပြီး ဆီဆိုင်များတွင် ဆီပြတ်လပ်ခြင်း၊ အကန့်အသတ်ဖြင့် ဆီရောင်းပေးရခြင်းတို့ ဖြစ်လာသည်။
ထို့ကြောင့် မြန်မာဘက်ရှိ မော်တော်ယာဉ်များ မဲဆောက်မြို့အထိ ဆီလာရောက်ဝယ်ယူကြသလို ဆီအပို ဝယ်ယူသူများကြောင့် စစ်ဆေးဖမ်းဆီးခံရသည်အထိ ရှိနေပြီး မဲဆောက်ဘက် နောက်ထပ် ဆီဝယ်ယူရန် အခက်အခဲဖြစ်သွားသည်ဟု မြဝတီမြို့ခံ ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ပုံမှန် ကိုယ့်ကားနဲ့ ကိုယ့်တိုင်ကီ ဆံ့သလောက် ဝယ်ကြရင် ပြဿနာမရှိဘူး။ ဆီတိုင်ကီအပိုတပ်ပြီး ဝယ်ကြတာ ရဲစစ်လို့ မိတော့ ပြဿနာတက်တာပေါ့။ အခု မြန်မာကားတွေဆို ထိုင်းဆီဆိုင်တွေက သိပ်မရောင်းချင်ကြတော့ဘူး” ဟု အဆိုပါ ယာဉ်မောင်းက ပြောသည်။
ဆီအပိုဝယ်ယူ ခိုးဝှက်သယ်ဆောင်ခြင်းအပြင် မြန်မာပြည်ဘက်တွင် မူရင်းဈေးထက် အဆမတန် ဈေးတင်၍ တစ်ဆင့်ပြန်လည်ရောင်းချသည့် ဈေးကွက်ပါ ဖြစ်နေကြောင်းလည်း နယ်စပ်သတင်း အရင်းအမြစ်တို့က ဆိုသည်။
“ထိုင်းဆီ ၅ လီတာပုံး တစ်ပုံးကို ဘတ် ၂,၅၀၀ အထိ ပေါက်ဈေးဖြစ်နေတယ်” ဟု ဖော်ပြပါ ယာဉ်မောင်းက ဆက်လက်၍ ကေအိုင်စီသို့ ပြောသည်။
ယမန်နေ့ မတ်လ (၄) ရက်နေ့ကလည်း မြန်မာကုန်တင်ယာဉ်တစ်စီးကို မဲဆောက်ကင်းလှည့် ထိုင်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် ယာဉ်အောက်ပိုင်းတွင် လောင်စာဆီ (၂၂၇) လီတာ သိုလှောင်ထားသည့် ဆီတိုင်ကီအပို တပ်ဆင်ထားကြောင်း တွေ့ရှိခဲ့သည်။ မြန်မာဘက် ပြန်လည်ရောင်းချမည့် ဆီများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်မိခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို မဲဆောက်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟုလည်း အာဏာပိုင်နှင့် နီးစပ်သူအချို့၏ ပြောပြချက်အရ သိရသည်။
ထိုသို့ စက်သုံးဆီမသမာလုပ်မှု များပြားလာသဖြင့် မြဝတီမြို့ စစ်အုပ်စု အုပ်ချုပ်ရေးပိုင်းက မြဝတီမြို့ရှိ ဆီဆိုင်များ ဆီဈေးမြှင့်တင်ရောင်းချခြင်း မပြုရန်၊ ဆီမှောင်ခို ဝယ်ယူစုဆောင်းမှု မလုပ်ရန်နှင့် အွန်လိုင်းမှတစ်ဆင့် ကြေညာဈေးတင် မရောင်းရန် ယမန်နေ့ ညနေပိုင်းတွင် တားမြစ်ချက် ထုတ်ပြန်ခဲ့သည်။ မလိုက်နာပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းလည်း စစ်အုပ်စုက ဆိုသည်။
အလားတူ ထိုင်းအာဏာပိုင်အဖွဲ့များကလည်း မဲဆောက်မြို့ ဆီဆိုင်များတွင် ဆီဈေးမြှင့် မရောင်းချစေရေး၊ ထိုင်း-မြန်မာ နယ်စပ်ဂိတ်များနှင့် သောင်ရင်းမြစ်ဘေး သဘာဝကမ်း ကူးဂိတ်များတွင် ဆီမှောင်ခို သယ်ဆောင်ရောင်းဝယ်မှု မရှိစေရေး စောင့်ကြည့်စစ်ဆေးနေကြကြောင်း မဲဆောက်မြို့တွင် နေထိုင်သူများက ပြောသည်။



















