မတ်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲများဖြစ်ပွားနေ၍ နယ်မြေအတွင်း တည်ငြိမ်မှုမရှိသော်လည်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်သွက်ပြီး စျေးနှုန်းများမြင့်တက်လျက်ရှိသည်ဟု အိမ်ခြံမြေအရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရသည်။
လက်ရှိ မြဝတီမြို့ပေါ်တွင် သာမကဘဲ အကွက်ရိုက်ရောင်းချသည့် မြို့ပြင် နေရာများ ဘက်တွင်လည်း ဈေးကောင်းပေးပြီး အပြိုင်အဆိုင်လာရောက်ဝယ်ယူနေကြသည်ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
“အကွက်ရိုက်ရောင်းချရင် မကြာဘူး၊ ကုန်တာအရမ်းမြန်တယ်။ ရွှေကုက္ကိုလ်သွားတဲ့လမ်းဆိုရင် လမ်းမကြီးမဟုတ်ဘဲ အထဲဝင်ရတဲ့ အကွက်ရိုက်တွေဆိုရင်တောင် ပေ ၄၀၊ ၆၀ အကွက်ကို ဈေးက သိန်းခြောက်ရာကျော်အထက်ရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြဝတီမြို့၌ ပြုလုပ်သည့် အိမ်ခြံမြေအသုံးပြုမှုဆိုင်ရာ အသိပညာ ပေးရှင်းလင်းပွဲအရ မြဝတီမြို့နယ်အတွင်း မြေဈေးနှုန်းသည် မြန်မာနိုင်ငံ၏ နံပါတ် (၄) နေရာတွင် ချိတ်နေသည်ဟု သိရသည်။
ထိုရှင်းလင်းပွဲသို့ စစ်အုပ်စုလက်အောက်ရှိ မြဝတီခရိုင်သစ်တောဌာန၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများအပြင် အိမ်ခြံမြေ အကျိုးဆောင်များနှင့် မြဝတီမြို့ခံများက တက်ရောက်ခဲ့ကြသည်။
မြို့ပေါ်ရှိ အောင်မြေရွှေဘုံ၊ ကျောက်လုံးကြီး၊ ရွှေမြဝတီ၊ မြေနီကုန်းအနောက်ဘက်နှင့် ကျွန်းတော စသည့် ဒေသများရှိ သစ်တောမြေ ခန့်မှန်းဧရိယာ ၂,၁၀၀ ဧကခန့်တွင် ပြည်သူများ ဝင်ရောက် ကျူးကျော်နေထိုင်လျက်ရှိသည်ဟုလည်း ရှင်းလင်းပွဲတွင် ချပြပြောဆိုခဲ့သည်။
ထိုနေ့ရှင်းလင်းပွဲ၌ လယ်၊ ယာနှင့် သစ်တောမြေများကို အရောင်းအဝယ်မမှားစေရန် လုပ်ထုံး လုပ်နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်ဟု တက်ရောက်ခဲ့သူများက ပြောသည်။
မြဝတီမြို့ပေါ်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်၍ မြေဝယ်ယူမှုများပြားနေသည့်အတွက် ခေတ်အဆက်ဆက် အာဏာပိုင်များက မြေစာရင်းဌာန တာဝန်ရှိသူများနှင့်ပေါင်းကာ သစ်တောမြေများကို အကွက်ရိုက်ရောင်းချလာခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
“ဥပဒေအရ ကြည့်မယ်ဆိုရင် အခုမြို့မှာ ရောင်းဝယ်လုပ်နေတဲ့ မြေတွေက တရားမဝင်တာ အများကြီးပဲ။ တချို့က ပိုင်ရာဆိုင်ရာ ဌာနဆိုင်ရာလူတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး လုပ်တော့ မြေတွေ ရောင်းကြ ဝယ်ကြတာပေါ့” ဟု မိချောင်းကုန်းရပ်ကွက်တွင် နေထိုင်သူ မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
သစ်တောမြေများကို အကွက်ရိုက်ရောင်းချနေရုံသာမက သစ်တောဌာနပိုင် ကျွန်းစိုက် ခင်းများရှိရာ ကျွန်းတောနေရာအများအပြားတွင်လည်း ကျူးကျော်သူများကို တစ်ဆင့်ပြန်လည် မြေငှားပေးနေသလို၊ လောင်းကစားရုံများ ဖွင့်လှစ်သည့် နေရာများအဖြစ် ဒေသအာဏာပိုင်များနှင့် အပစ်ရပ် လက်နက်ကိုင်အဖွဲ့အစည်းများက ပူးပေါင်းအသုံးပြုနေကြသည်ဟု မြို့ခံများက ပြောသည်။
ထို့အပြင် မြို့ပေါ်ရှိ အိမ်ငှားခများမှာလည်း အဆမတန် မြင့်တက်နေပြီး အသေးစားအခန်းငယ်များပင်လျှင် တစ်လလျှင် ကျပ် ၃ သိန်းအထက် ပေါက်ဈေးရှိနေသည်။ ထိုကဲ့သို့ အိမ်ငှားခ ကြီးမားလွန်းခြင်းကြောင့် မြို့ပေါ်သို့ ခိုလှုံရန် ရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများမှာ နေထိုင်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။



















