Home သတင်း ပိတ်ဆို့ဖမ်းဆီးမည့် သတင်းကြောင့် ဖားအံ-မြဝတီအတက်အဆင်း ထိုင်းကုန်စည်တင် ကားများ တိမ်းရှောင်နေရ

ပိတ်ဆို့ဖမ်းဆီးမည့် သတင်းကြောင့် ဖားအံ-မြဝတီအတက်အဆင်း ထိုင်းကုန်စည်တင် ကားများ တိမ်းရှောင်နေရ

596
Photo: Social Media

ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာမည့် ကုန်စည်များအား စစ်အုပ်စုက ဖမ်းဆီးစစ်ဆေးမည့် သတင်းကြောင့် မြဝတီ-ဖားအံ လမ်းပိုင်းမှ ကုန်စည်ကားများ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၂၈ ရက်တွင် စစ်အုပ်စုခန့် ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးမှ အမိန့်ထုတ်ပြန် ဖမ်းဆီးခိုင်းထားသည့် သတင်းများထွက်ပေါ်နေခြင်းဖြစ်ကြောင်း မြဝတီနယ်စပ်ရှိ ကုန်သည်အသိုင်းအဝိုင်းက ပြောသည်။

အဆိုပါ အမိန့်ကြောင့် စစ်အုပ်စုမှ သာမည-အိန္ဒု လမ်းပိုင်း၊ နဘူး-ထီလုံ လမ်းပိုင်း၊ ဖားအံ-လှိုင်းဘွဲ လမ်းပိုင်းများတွင် ထိုင်းကုန်စည်ကားများအား ရှာဖွေဖမ်းဆီးမည့် သတင်းကြောင့် ကုန်စည် ကားများသည် မြဝတီ-ဖားအံ လမ်းပိုင်းအား သွားလာသယ်ဆောင်မှု မရှိတော့ကြောင်း ကုန်စည်ကားလုပ်ငန်းလုပ်ကိုင်သူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ထိုင်းကုန်တွေ အရင်လို သယ်မရတော့ဘူး၊ ဂျူတီကုန်၊ အခွန်ခွင့်ပြုကုန်ကလည်း သယ်ဖို့ အဆင်မ ပြေတော့ဘူး၊ အခုကုန်တွေ ကားတွေအောက် ပေးမဆင်းတော့ဘူး။ ဖမ်းခံရရင် ကားရော ကုန်ရော လျော်ပေးရတာဆိုတော့ လုပ်ငန်းရပ်ထားတယ်” ဟု မြဝတီ ကုန်စည်ကားလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ယခု ရက်ပိုင်းအတွင်း မြဝတီမှ ဆင်းလာသည့် ထိုင်းကုန်စည်ကားများအား ဖမ်းဆီးရန် တပ်မ ၂၂ စစ်အုပ်စုမှ ဦးဆောင်ပြီး ဌာနဆိုင်ရာ အဖွဲ့အစည်းများ အင်အားစုဆောင်းကာ ရှောင်တခင် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း စစ်အုပ်စုနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် စစ်အုပ်စု စစ်ဆေးရေးဂိတ်များအား ရှောင်ကွင်းသယ်ဆောင်သည့် အခြေအနေတွေ့ရှိပါက ပစ်ခတ်ဖမ်းဆီးရန် အမိန့်ပေးထားကြောင်းလည်း စစ်အုပ်စုနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ သတင်းအရင်းအမြစ်က “ပြည်နယ်ဝန်ကြီးချုပ်က တပ်မ ၂၂ ကို ဖမ်းဆီးရေးအဖွဲ့ ဦးဆောင်ခိုင်း ထားတယ်။ ဂျိုင်းတံတား ဒီဘက် ဖားအံဂွင်ထဲ ဝင်လာသမျှ ကားအကုန် ဖမ်းခိုင်းတာ၊ ကရင် လက်နက် ကိုင် အဖွဲ့အစည်းနဲ့ လာတဲ့ကားလည်း ဖမ်းရမယ်။ ထိပ်တိုက် ပြဿနာရှိလာရင် ပစ်မိန့်နဲ့ ပစ်ဖမ်းဖို့ပါ အစည်းအဝေးမှာ ပြောတယ်လို့ ကြားထားတယ်” ဟု ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ် စစ်အုပ်စုက သံလွင်မြစ်ကြောင်းမှ ကျေးရွာ ဖောင်ကူး စက်လှေဂိတ်များအား ထိုင်းကုန် စည်များ ကမ်းကူး သယ်ဆောင်မှု မပြုလုပ်ရန်၊ မြိုင်ကလေး၊ မုက္ကဒိမှ စ၍ ဝတ်ကြီး၊ သိုက်တော၊ ဥဒေါင်း၊ ကဇိုင်း၊ ရွှေဂွန်း၊ ကမမောင်းအထိ ကမ်းကူး ကုန်ကူးဂိတ်များ ပိတ်သိမ်းရန် ကျေးရွာအုပ်ချုပ် ရေးမှူးများအား ညွှန်ကြားထားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကျေးရွာများဘက်ရှိ မည်သည့် ကရင်လက်နက်ကိုင် အဖွဲ့များမှ ကမ်းကူးဂိတ်များ မလုပ် ဆောင်ကြရန်နှင့် တရားမဝင် ကုန်ကူးသယ်ဆောင်ပါက ပစ်ခတ်ဖမ်းဆီးမည်ဟု စစ်အုပ်စုတပ်က ညွှန်ကြားထားကြောင်း သိရသည်။