Home သတင်း ဒရုန်းဗုံးကြောင့် ဘီးလင်း၊ ဖိုးဝသိမ်စာသင်ကျောင်း ထိခိုက်ပျက်စီးမှုများ

ဒရုန်းဗုံးကြောင့် ဘီးလင်း၊ ဖိုးဝသိမ်စာသင်ကျောင်း ထိခိုက်ပျက်စီးမှုများ

433
Photo: CJ

ဇန်နဝါရီ (၃၀)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) သထုံခရိုင်၊ ကျိုက်ထို(ဘီးလင်းမြို့နယ်)၊ ဖိုးဝသိမ်စာသင်ကျောင်းကို ယမန်နေ့(ဇန်နဝါရီ ၂၉ရက်)က စစ်အုပ်စုဒရုန်းဗုံးကြဲတိုက်ခိုက်သဖြင့် ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း ဒေသခံများကပြောသည်။

သံတံတားဂိတ်အထိုင်ချ စစ်အုပ်စုက ယမန်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်တွင် ဒရုန်းဗုံးသုံးလုံးဖြင့် ကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီး ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ ကျောင်းပိတ်ထားရသည့်ကာလဖြစ်သောကြောင့် ကျောင်းခေါင်မိုးနှင့်စာသင်ကျောင်းအဆောက်အဦးများ ထိခိုက်ပျက်စီးမှုများပြားသည်မှလွဲ၍ ထိခိုက်သူမရှိဟု ဘီးလင်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“အာဏာသိမ်းပြီးကတည်းက ကျောင်းပိတ်ထားတာ၊ ရွာမှာလည်းလက်နက်ကြီးအမြဲလိုလိုပစ်တော့ စစ်ဘေးရှောင်နေကြတယ်။ အဲဒါကြောင့်ထိခိုက်သွားတဲ့သူမရှိဘူး။ စာသင်ကျောင်းကတော့သွားကုန်ပြီး ကြေမွပျက်စီးကုန်တယ်” ဟု အဆိုပါအမျိုးသားကပြောသည်။

Photo: CJ

ဘီးလင်းမြို့နယ်အတွင်း အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတော်လှန်ရေးတပ်များနှင့် စစ်အုပ်စုတို့ တိုက်ပွဲများဆက်တိုက်ရှိနေပြီး ယခုရက်ပိုင်းတွင်လည်း ရန်ကုန်-မော်လမြိုင်လမ်းဘေးကရွာများတွင် အင်အားတိုးချဲ့ထားသည်ဟုလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

ထို့အပြင် တိုက်ပွဲမရှိသော်လည်း ကျေးရွာများဘက်ကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖိုးဝသိမ်ရွာအပါအဝင် အနီးနားရှိ အလူးကျေးရွာအုပ်စုတွင် လနှင့်ချီစစ်ရှောင်နေရသလို တောင်ယာနှင့်ခြံအလုပ်ကောင်းစွာမလုပ်နိုင်ကြောင်း ဒေသခံများကပြောသည်။

ဖိုးဝသိမ်ကျေးရွာနှင့်အလူး‌ကြီးကျေးရွာတို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ(၂၆)ရက်နေ့ကလည်း ဘီးလင်းမြို့စစ်အုပ်စုမှပစ်ခတ်လိုက်သည့် လက်နက်ကြီးများကျ‌ရောက်ပေါက်ကွဲပြီး ဒေသခံထိခိုက်သေဆုံးမှုနှင့်စိုက်ခင်းအချို့ ပျက်စီးမှုဖြစ်ပွားခဲ့သေးကြောင်း ကေအဲန်ယူ သထုံခရိုင်ကထုတ်ပြန်ထားသည်။