Home သတင်း မြဝတီမြို့မှထွက်ခွာရန် စစ်အုပ်စု ညွှန်ကြားသော်လည်း KNA အဖွဲ့များ နေမြဲအတိုင်းသာ ဆက်ရှိနေ

မြဝတီမြို့မှထွက်ခွာရန် စစ်အုပ်စု ညွှန်ကြားသော်လည်း KNA အဖွဲ့များ နေမြဲအတိုင်းသာ ဆက်ရှိနေ

694
Photo: CJ

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကရင်နယ်ခြားစောင့်တပ်-BGF မှ အသွင်းပြောင်းထားသည့် KNA – ကရင်အမျိုး သားတပ်မတော် တပ်ဖွဲ့အား ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နောက်ဆုံးထားပြီး မြဝတီမြို့ဧရိယာမှ ထွက်ခွာရန် စစ်အုပ်စုက အမိန့်ထုတ်ထားသော်လည်း ယခုအချိန်ထိ မြို့တွင်းတွင် နေမြဲအတိုင်းသာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ BGF မှ အသွင်းပြောင်းထားသည့် KNA တပ်ဖွဲ့သည် ၎င်းတို့ တပ်နယ်နေရာသို့ ပြန်နေထိုင်သွားရန် အရှေ့တောင် တိုင်းစစ်ဌာနချုပ်-ရတခမှ ဇန်နဝါရီ ၁၉ ရက်တွင် တပ်မ ၂၂ တပ်မမှူးအား လိုအပ်သလို ကြပ်မတ်ဆောင်ရွက်ရန်ဟု ညွှန်ကြားထားခြင်းဖြစ်သည်ဟု သိရသည်။

သို့သော်လည်း ယခု ဇန်နဝါရီလ ၂၅ ရက်တွင် မြဝတီမြို့တွင်းရှိ KNA တပ်ဖွဲ့များ ထိန်းချုပ်သည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်များ၊ တရုတ်ငွေလိမ် လုပ်ငန်းခြံဝင်းများနှင့် တပ်စွဲထားသည့် နေရာများတွင် နေမြဲ အတိုင်းသာ ဆက်လက်ရှိနေကြောင်း အမည်မဖော်လိုသည့် KNA တပ်ဖွဲ့ဝင် သတင်းအရင်းအမြစ်က ပြောသည်။

“အခုထိတော့ လိုင်းပေါ်မှာ ဖွနေသလိုမျိုး ၂၅ ရက် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုတာမျိုး မရှိပါဘူး။ သူ့နေရာ သူနေ၊ ကိုယ့်နေရာကိုယ်၊ ကိုယ့်ဂိတ်တွေမှာ ကိုယ်နေနေကြတယ်။ ရွှေ့တာ ပြောင်းတာကတော့ မရှိပါဘူး။ လူကြီး အိမ်တွေ၊ လုပ်ငန်းတွေလည်း ဒီအတိုင်းပဲ ဆက်ရှိနေတယ်လေ” ဟု ထို KNA သတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ မြဝတီမြို့မှ KNA တပ်ဖွဲ့များ နေရာရွှေ့ပြောင်း ဆုတ်ခွာရမည်ဆိုပါက စစ်အုပ်စု တပ်နေရာများနှင့် ပြဿနာ များဖြစ်ပွားနိုင်သည်ဟု မြဝတီမြို့ခံ အများစုက ထင်ကြေးပေးပြောဆိုနေကြပြီး မြို့တွင်း အပြင်ထွက် သွားလာမှု လူသူနည်းပါးနေကြောင်း သိရသည်။

Photo: CJ

လက်ရှိအခြေအနေတွင် မြို့တွင်း မြို့ပြင် စစ်တပ်နှင့် KNA တပ်ဖွဲ့များ စစ်ရေးတင်းမာမှုမရှိအောင် မြို့မိမြို့ဖအချို့၊ စစ်တပ်နှင့် အပစ်ရပ် ကရင်လက်နက်ကိုင် တပ်ဖွဲ့တာဝန်ရှိသူများမှ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း မြို့ခံ သတင်းအရင်းအမြစ်များက ပြောသည်။

“သတင်းတွေကတော့ အမျိုးမျိုးပေါ့နော်။ ကျနော်တို့ မြို့ကိုတော့ ပြဿနာအဖြစ် မခံပါဘူး။ မြို့ကအသင်းတွေ၊ စစ်တပ်နားပေါက်တဲ့သူတွေနဲ့ ညှိနှိုင်းနေတာမျိုးတွေ ရှိပါတယ်။ အဆင်ပြေပြေ ဖြစ်အောင် ပြောကြ၊ ညှိကြတာမျိုးတွေ လုပ်နေတယ်လို့” ဟု မြို့ဖွံ့ဖြိုးရေး ကော်မတီဝင်တစ်ဦးက ပြောသည်။

KNA တပ်ဖွဲ့များ မြို့က ထွက်ခွာရမည်ဆိုသည့် အခြေအနေမှာ ယခုလို အမြန်ရွှေ့ပြောင်းခိုင်း၍ မရကြောင်း KNA တပ်ဖွဲ့၏ စစ်ရေး၊ စီးပွားရေး ကိစ္စများ၏ အခြေအနေ သိရှိသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောဆိုသည်။

၎င်းက “စစ်တပ်က စာထုတ်သလို တစ်ပတ်ထဲနဲ့ အကုန်ရွှေ့ဆိုတာမျိုး လုပ်လို့ မရပါဘူး။ တစ်မြို့လုံး နီးပါးက KNA တပ်ဖွဲ့နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ ဂိတ်တွေ၊ တပ်ဖွဲ့ဝင်တွေ၊ သူတို့ မိသားစုလုပ်ငန်းတွေလည်း အများကြီး ရှိနေတယ်။ စစ်တပ်က အတင်းအကြပ် လုပ်ရင်တော့ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ သေချာ မပြောနိုင်ဘူး” ဟု ပြောသည်။

အဆိုပါ အခြေအနေတွင် စစ်အုပ်စု တာဝန်ရှိသူများနှင့် KNA တပ်ဖွဲ့ ခေါင်းဆောင်များ ယခု ၂၅ ရက်မှ ၂၇ ရက်အတွင်း တွေ့ဆုံ ဆွေးနွေးကြမည်ဟု စစ်အုပ်စုနှင့် နီးစပ်သည့် အုပ်ချုပ်ရေးဌာန သတင်းအရင်းအမြစ်က ပြောဆိုကြသည်။ KNA ထိန်းချုပ်ပြီး ထိုင်း-မြန်မာ နယ်စပ် ကုန်စည်များကမ်းကူးသည့် ဂိတ်များတွင် နှစ်ဘက် အသွားအလာ ပိတ်ထားကြောင်း KNA ဂိတ်ရှိ ကုန်သည်များ၏ ပြောစကားအရ သိရှိရသည်။