Home သတင်း ကော့ကရိတ်၊ ကျုံဒိုးမှာ စစ်တပ်အစောင့်အကြပ်ဖြင့် မဲရုံဖွင့်ထားသော်လည်း မဲလာထည့်သူ ရာဂဏန်းသာရှိ

ကော့ကရိတ်၊ ကျုံဒိုးမှာ စစ်တပ်အစောင့်အကြပ်ဖြင့် မဲရုံဖွင့်ထားသော်လည်း မဲလာထည့်သူ ရာဂဏန်းသာရှိ

487
Photo: CJ

ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နှင့် ကျုံဒိုးနယ်တွင် ရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့ ဇန်နဝါရီလ ၂၅ ရက်တွင် စစ်အုပ်စုတပ်များ လုံခြုံရေးတင်းကြပ်ချထားပြီး မဲရုံဖွင့်ကျင်းပနေသော်လည်း နေ့လည်ပိုင်း ၁၂ နာရီအချိန်အထိ မဲလာထည့်သူ လူရာဂဏန်းသာ တွေ့မြင်ရကြောင်း ရပ်ကွက်နေသူများက ပြောသည်။

“ညကအထိ ကျုံဒိုးရော၊ ကော့ကရိတ်ဘက်ရော ဒရုန်းချတာ၊ လက်နက်ကြီး ပစ်ထုတ်တာတွေ ကြားနေရတယ်။ အခုမနက်တော့ မဲထည့်သူ သိပ်မရှိဘူး။ ကြံ့ဖွံ့နဲ့ ရောကြပေါင်းကြသူတွေ၊ စစ်မှုထမ်းဟောင်း တပ်ထွက်မိသားစုတွေတော့ မဲသွားထည့်တယ်။ မဲထည့်စလစ်တွေ လိုက်ဝေ ထားတာရှိပေမယ့် သွားမထည့်ကြဘူး။ လူရာဂဏန်းပဲ အခုထမင်းစားချိန်အထိ တွေ့ရတာတော့” ဟု ပြောသည်။

လက်ရှိ ကျုံဒိုးမြို့ပေါ် ရပ်ကွက် ၄ ခုတွင် အထက ကျောင်း (၂) ကျောင်းနှင့် အမက (၂)၊ အမက ၆ နေရာများတွင် မဲရုံ ၄ ရုံဖြင့် ရွေးကောက်ပွဲ မဲထည့်နေရာ ပြုလုပ်ထားသည်။ ရပ်ကွက်လမ်းများအား ခြေမြန်တပ်ရင်း-ခမရ ၅၄၅/၅၄၆ များမှ အင်အားရာချီ လုံခြုံရေးတင်းကြပ် စစ်ဆေးခံပြီးမှ မဲရုံသို့ မဲသွားထည့်ရကြောင်း ကျုံဒိုးရပ်ကွက် သတင်းအရင်းအမြစ်က ပြောသည်။

ယနေ့ ပြုလုပ်နေသည့် ကရင်ပြည်နယ် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ကော့ကရိတ်နှင့် ကြာအင်း ဆိပ်ကြီး မြို့နယ်တို့ပါဝင်သည်။ ကျုံဒိုး၊ နဘူး၊ တိုက်နယ်ကျေးရွာ အချို့အပါအဝင် ကော့ကရိတ်မြို့နယ်အတွင်း မဲရုံပေါင်း ၂၅ ရုံ ဖွင့်လှစ်ထား၍ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၃၈,၀၃၈ ဦးရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

လက်ရှိ ဇန်နဝါရီ ၂၃ ရက်မှစပြီး မဲရွေးပွဲအား တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှု မရှိစေရေး စစ်အုပ်စုက တပ်ဝင်းနှင့် မဲရုံအနီးတွင် ဒရုန်းဖြတ်စက် ဂျန်ပါများ အသုံးပြုတပ်ဆင်ထားပြီး ကျေးရွာများဘက်သို့ ဒရုန်းဗုံးချ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ကျေးရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။

KNLA တပ်များဘက်မှလည်း ယနေ့ နံနက်ပိုင်းတွင် ခမရ ၅၄၅ တပ်ဘက်သို့ ဒရုန်းဖြင့် တိုက်ခိုက် မှုရှိပြီး အထိအခိုက်ကို မသိရှိရကြောင်း၊ ကော့ကရိတ် ရန်ကုတ်နှင့် ကမိုင်ကုန်း ကျေးရွာဘက်သို့ ခြေလျင်တပ်ရင်း- ခလရ ၉၇ တပ်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှု ဆက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရွေးကောက်ပွဲကို စစ်အုပ်စု ထိန်းချုပ်သည့် မြို့ပေါ်ရပ်ကွက်တွင် ကျင်းပနေသော်လည်း ဇန်နဝါရီလ ၂၀ ရက်မှ ၂၄ ရက်နေ့အထိ စစ်တပ်တပ်ရင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းနေ အိမ်များနှင့် ရပ်ကွက် လူနေအိမ်များအား ဖိအားပေး ကြိုတင်မဲကောက်ယူရာတွင် ကြံ့ခိုင်ရေးပါတီကိုသာ မဲထည့်ပေးရပြီး ပါတီကိုယ်စားလှယ်လောင်းကိုမူ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရကြောင်း စစ်တပ်နှင့်နီးစပ်သူများက ပြောသည်။