ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်အုပ်စု တပ်သား (၅)ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ(၄) ထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့သည်ဟု ကေအဲန်ယူက ယနေ့ သတင်းထုတ်ပြန်သည်။
စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ-၄၀၆) တပ်ဖွဲ့ဝင် (၅)ဦးသည် KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၀) ထံသို့ MA-1 (၃) လက်၊ MA-2 (၁) လက်၊ MA-3 (၁) လက်၊ BA-100 (၁) လက်၊ ကျည်အပါအဝင် စစ်သုံးပစ္စည်းအချို့ပါ ယူဆောင်လာပြီး ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် မတရား စစ်မှုထမ်း ခိုင်းစေခံရသည့် အာဏာသိမ်း စစ်တပ်အတွင်းမှ တပ်သားများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြပါရန်လည်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။



















