ဇူလိုင် ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတွင် ယမန်နေ့ ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ပြီးစီး သွားသည့် ငြိမ်းချမ်းရေးဆုတောင်းပွဲသို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ အပါအဝင် အထင်ကရ ဆရာတော်၊ သံဃာတော်များ၊ လက်နက်ကိုင်ခေါင်းဆောင်များနှင့် ပြည်သူများ စုစုပေါင်း ၅,၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြကြောင်း ပွဲတက်လာသူများထံမှ သိရသည်။
မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရ ဦးဆောင်ပြုလုပ်သည့် “ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဆုတောင်းပွဲ”တွင် သံဃာအပါး ၂,၀၀၀ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး၊ BGF/KNA ခေါင်းဆောင်စောချစ်သူ၊ KNU/KNLA-PC မှ စောကျော်ညွန့်၊ DKBA နှင့် အခြားသက်ဆိုင်ရာခေါင်းဆောင်များ အပါအဝင် လူထု ၃၀၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ပြည်သူများအခက်အခဲမှလွတ်မြောက်ရေးနှင့် ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး မိမိတို့ ယုံကြည်ကိုးကွယ်သည့်ဘာသာအရ ဆုတောင်းပွဲပြုလုပ်ရခြင်းဖြစ်သည်ဟု ပွဲတက်သွားခဲ့သည့် KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးကပြောသည်။
“အဓိကကတော့ ဘာသာရေးခေါင်းဆောင်တွေက ဦးဆောင်လုပ်တာပါ။ ငြိမ်းချမ်းရေးပြန်ရဖို့ ကိုယ်ယုံကြည်တဲ့ ဘာသာအတိုင်း ဆုတောင်းကြတာပါပဲ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပဋိပက္ခက လူအင်အားဖြင့် ငြိမ်းချမ်းရေး ရဖို့မတတ်နိုင်ဘူးလေ။ ဆုတောင်းဖို့လည်း လိုတယ်။ ဒါပေမဲ့ ဆုတောင်းတာတစ်ခုတည်းနဲ့တင်မဟုတ်ဘဲနဲ့ ကိုယ်တိုင်လည်းလုပ်ယူရမှာပေါ့။” ဟု ပဒိုအောင်မော်အေးက ပြောသည်။

ပွဲကျင်းပရေးကော်မတီဘက်က အဆိုအရ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ဘုရားသုံးဆူမြို့တွင် ဆုတောင်းပွဲပြုလုပ်ရေး စီစဥ်ခဲ့သော်လည်း ဒေသခံများ၏ကန့်ကွက်မှုဖြင့် အစီအစဉ်ပျက်သွားပြီးနောက် ယခုလိုထပ်မံပြုလုပ်ရကြောင်း သိရသည်။
ပဒိုစောအောင်မော်အေးက ဆက်လက်၍ “လူတွေကတော့အမျိုးမျိုးပြောမှာပဲ။ ကျနော်တို့ကတော့ ဘာသာရေး ခေါင်းဆောင်တွေရဲ့တောင်းဆိုမှုနဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေးလိုအပ်ချက်ကိုကြည့်ပြီးလုပ်ရတာ” ဟု ဖြည့်စွက်ပြောဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှစပြီး ကရင်ပြည်နယ်အတွင်း မြို့နေရာအချို့မှလွဲ၍ လက်နက်ကိုင် ပဋိပက္ခများပြင်းထန်လျက်ရှိရာ အရပ်သားပြည်သူနေထိုင်ရာနေရာနှင့် ဘာသာရေးအဆောက်အဦး ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နေသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်ရှိ အထင်ကရမျိုးချစ်ဆရာတော်များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလတွင် အစည်းအဝေးပြုလုပ်ခဲ့ဖူးပြီး လူသားချင်းစာနာထောက်ထားရေးဖြင့် ငြိမ်းချမ်းရေးလုပ်ဆောင်ကြရန် ကရင့်လက်နက်ကိုင်များထံ လက်မှတ်ရေးထိုးထားသော မေတ္တာရပ်ခံစာပေးပို့ခဲ့သေးသည်။




















