ဇူလိုင် ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံ(ဗဟို) ဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောရှီးရှို၏ ဈာပနကို ဇူလိုင် ၃၀ ရက်နေ့ တွင် ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စရီးယန်းမြို့၊ မုယု ဝေ့ဖိုးထ (နော့်မီထ) ၌ ပြုလုပ် သွားမည်ဟု မိသားစုဝင်များက ပြောသည်။
ဒုဗိုလ်မှူးကြီးစောရှီးရှိုသည် ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းအချိန်တွင် နှလုံးသွေးကြောကျဉ်း ရောဂါအခံဖြင့် ရုတ်တရက် ကွယ်လွန် သွားခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၃) နှစ်ရှိပြီးဖြစ်ကာ သူ၏ဈပန ပြုလုပ်သွားမည့် အခြေ အနေကို ဇနီးဖြစ်သူ ဆရာမလားသောက ယခုလို ပြောသည်။
“ဆုံးတာက သူ့သမီးအိမ် မုယုမှာဘဲ ဆုံးသွားတာ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့်ဖြစ်တယ်။ ဆေးရုံတောင် သွားမမှီ လိုက်ဘူး။ သူ့ရောဂါက ဖားအံမှာတာဝန်နဲ့သွားနေတုန်းက တစ်ခါဖြစ်တယ်။ အောက်စီဂျင်လိုက်မှီတယ်၊ အဲဒီအချိန်က။ ဒီတစ်ခေါက်က ဖြစ်တော့ ဆေးဆရာမလာတဲ့အချိန်မှာဘဲ သူအသက်ရှုပ်ကြပ်ပြီး ကျမရှေ့မှာဘဲ ဆုံးသွားတယ်” ဟု ဇနီးဖြစ်သူက ပြောသည်။
ထို့အပြင် ဒုဗိုလ်မှူးကြီးစောရှီးရှိုသည် ကော်သူးလေပြည်နှင့် လူမျိုးအတွက် တာဝန်ကျေစွာ လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ် သည်ဟု တော်လှန်ရေးအတူ လုပ်ဆောင်ခဲ့သူများက ပြောသည်။

“RIP ဗိုလ်ရှီးလွန်ခဲ့တဲ့ ၃၅ နှစ်လောက်က ဖလူးစခန်းကျတဲ့မနက်မှာ အတူတူသောင်ရင်းမြစ်ကို ဆုတ်ခွါဖြတ်ကူး လာခဲ့တဲ့ကာလကို ပြန်မြင်ယောင်မိတယ်။ ကောင်းရာ ဘုံဘဝမှာ ရောက်ရှိအနားယူနိုင်ပါစေ” ဟု လုပ်ဖော်ကိုင် ဖက်တဦးဖြစ်ခဲ့သူ မန်းတင်ဝင်းစိုးက မှတ်ချက်ပြု ပြောသည်။
ဒုဗိုလ်မှူးကြီးစောရှီးရှိုသည် ရန်ကုန်၊ အင်းစိန်မြို့နယ် ဇာတိဖြစ်ကာ အင်းစိန် အထက(၁)ကျောင်း၌ ၁၀တန်းဖြေဆိုပြီးနောက် ၁၉၇၆ ခုနှစ်တွင် ကေအဲန်ယူ၊ တပ်မဟာ (၆)တွင် တော်လှန်ရေးထဲသို့ စတင်ဝင်ရောက်ခဲ့သူ ဖြစ်သည်။ ကွယ်လွန် ချိန်တွင် ဇနီးဖြစ်သူ ဆရာမလားသောနှင့်အတူ သမီးသုံးဦး၊ သားတစ်ဦးနှင့် မြေးဆယ့်နှစ်ဦး ကျန်ရစ်ကြောင်း သိရသည်။
သူသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တွင် ခရိုင်ဒုထောက်လှမ်းရေးမှူး၊ စစ်ဦးစီးချုပ်ရုံး၏ အထူး တာဝန်များနှင့် KNLA ဗဟို ဆက်ဆံရေးရုံးတာဝန်များကို ထမ်းဆောင်ခဲ့သလို ၂၀၁၂ ခုနှစ် ကေအဲန်ယူ-ကရင် အမျိုးသား အစည်းအရုံး၊ ဖားအံမြို့ (ဗဟို)ဆက်ဆံရေးရုံး စတင် ဖွင့်လှစ်ချိန်မှစ၍ ဆက်ဆံရေးရုံး တာဝန်ခံအဖြစ် ကွယ်လွန်အချိန်ထိ တာဝန်ထမ်း ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင်ကေအဲန်ယူ(ဗဟို)၏ ဖားအံဆက်ဆံရေးရုံးတာဝန်ယူသည့် ကာလတလျှောက်တွင် နိုင်ငံတကာ သံရုံး တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာ အဖွဲ့များစွာကို လက်ခံတွေ့ဆုံပြီး လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။




















