Home သတင်း မဲဆောက်တွင် E-Bike ဆက်ဖမ်းနေ၍ ရွှေ့ပြောင်းအလုပ်သမားများ အခက်ကြုံ

မဲဆောက်တွင် E-Bike ဆက်ဖမ်းနေ၍ ရွှေ့ပြောင်းအလုပ်သမားများ အခက်ကြုံ

689
Photo: Social Media

ဇွန် ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်၊ တာခ့်ခရိုင်၊ မဲဆောက်မြို့၌ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ဘထ္ထရီသုံး E-Bike (စက်ဘီး/ဆိုင်ကယ်) များကို ထိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ ဆက်လုပ်နေပြီး ရွှေ့ပြောင်းအလုပ် သမားများ သွားလာရေးအတွက် အခက်ကြုံနေသည်ဟု ၎င်းတို့က ပြောသည်။

အဆိုပါ မဲဆောက်မြို့၌ E-Bike များကို ယာဉ်ထိုင်းရဲများက ဇွန် ၆ ရက်နေ့မှစ၍ ဖမ်းဆီးနေခြင်းဖြစ်ပြီး တရားဝင် အထောက်အထားမရှိသည့် ဘီးများကို သိမ်းဆည်းမှုများလည်း ရှိကြောင်း၊ ကိုယ်တိုင် E-Bike ယာဉ် ဖမ်းဆီးခံရသူ ရွှေ့ပြောင်းကျောင်း ဆရာမ တစ်ဦးက ယခုလို ပြောသည်။

“ကျမ E-bike ဖမ်းနေတာ မသိဘူး။ ဒါနဲ့ဘဲစာသင်ဖို့ ကျောင်းကိုသွားတာပေါ့၊ မြို့ထဲဆေးရုံကြီးနားမှာ ထိုင်းရဲက ဖမ်းပြီး ရဲစခန်း ခေါ်သွားတယ်။ စီးလို့မရဘူးလို့ ပြောပြီး ကျမ E-bike နဲ့ ဓါတ်ပုံတွဲရိုက် မှတ်တမ်းယူတယ်။ သိမ်း လိုက်တယ်။ အဲ့ဒီ့မှာလည်း နေရာစုံက ရဲကားနဲ့ တင်ဖမ်းလာတဲ့ ဆိုင်ကယ် E-bike တွေ အများကြီးဘဲ၊ အခုတော့ ကျောင်းစာသင်တာ နားထားရတယ်။ တခြားလူတွေလည်း အလုပ်နဲ့ ကျောင်း သွားဖို့၊ ပစ္စည်းပို့၊ စားစရာပို့တဲ့သူ တချို့လည်း အလုပ်ရပ်ကုန်ပြီး” ဟု ၎င်းက ပြောသည်။

Photo: Social Media

အဆိုပါ ဘထ္ထရီသုံး E-Bike(စက်ဘီး/ဆိုင်ကယ်) ဖမ်းဆီးရခြင်းသည် ယာဉ်အန္တရယ်၊ လမ်းအန္တရာယ် မတော်တဆမှု များတွင် ရွေ့ပြောင်း မြန်မာနိုင်ငံသားများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မသိဘဲ မောင်းနှင်သွားလာ သည့်အတွက် မကြာခဏ ယာဉ်တိုက်မှုဖြစ်လေ့ရှိပြီး သေဆုံးမှုများလည်း မြင့်တက်လာ၍ ထိုင်းဒေသအာဏာပိုင် များက လမ်းမကြီးများပေါ်တွင် လိုင်စင်ခွင့် ပြုချက်မရှိ သွားလာအသုံးပြုသည့် E-Bike ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုင်း အာဏာပိုင်များနှင့် နီးစပ်သည့် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက ယခုလို ပြောသည်။

“မဲဆောက်မှာက မြန်မာပြည်သား များလာတယ်။ သူစီး၊ ကိုယ်စီးနဲ့ ကား၊ ဆိုင်ကယ်၊ E-Bike တွေ များလာတယ်။ ယာဉ်တိုက်မှုဖြစ်တိုင်း မြန်မာပြည်သားချည်း ဖြစ်နေ ကြုံနေရတာ နေတိုင်း ဖြစ်နေတယ်၊ ဆိုင်ကယ်၊ ကားက လိုင်စင် အထောက်အထား ရှိတော့ ရှင်းလို့ရတယ်။ E-Bik တွေက လိုင်စင် မရှိဘူး။ သူက ရပ်ကွက်ထဲ၊ ရွာထဲ၊ စက်ရုံထဲ စီးလို့ဘဲ ရတယ်။ အခုက အမြန်လမ်းမကြီးတွေပေါ် စီးတာ ယာဉ်တိုက်မှုတွေ ဖြစ်တာများလာတော့ စီမံချက်လုပ်ပြီး ဖမ်းတာပေါ့” ဟု ၎င်းက ပြောသည်။

လတ်တလော မဲဆောက်မြို့တွင်း၊ မြို့ပြင် လမ်းမများတွင် ရှောင်တစ်ခင် ဂိတ်ချ စစ်ဆေးမှုများ ပြုလုပ်ပြီး E-Bike များကို ဖမ်းဆီးသိမ်းဆည်းလျှက်ရှိရာ ဇွန် ၆ ရက်မှ ယနေ့ချိန်ထိ အစီးရေတစ်ရာကျော် သိမ်းဆည်းခံထားရသည် ဟု သိရသည်။