ဇွန်လ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်ယူတပ်မဟာ(၂)၊ တောင်ငူခရိုင် သံတောင်ကြီးမြို့နယ်ရှိ ထုံး ဘိုကြီးရွာ အခြေစိုက်စခန်းရှိ စစ်ကောင်စီတပ်များက ပြီးခဲ့သည့် မေလ အကုန်ပိုင်းကစပြီး စခန်းပတ် လည်အင်အားဖြည့်တင်းကာ အနီးဝန်းကျင်ရွာမှ ဒေသခံပိုင် အိမ်ခြံဝင်းများအတွင်း ဝင်ရောက် တပ်စွဲထားကြကြောင်း နယ်ခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ထုံးဘိုကြီးမြို့နယ်နှင့်ရေတာရှည်မြို့နယ်တို့ ဆက်စပ်ထားသည့် ဒေသ အခေါ် ခရိုင်ချင်းဆက်လမ်းမှ စစ်ကောင်စီအင်အား ၄၀၀ ဝန်းကျင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုနောက် ထုံးဘိုကြီးတပ်စခန်းနှင့် အဆိုပါ ခရိုင်ချင်းဆက်လမ်းပိုင်းပေါ် အင်အားဖြန့်ကျက်ထားရုံမျှမက ထုံးဘိုကြီးဝန်းကျင်ရွာအချို့ရှိ ဒေသခံနေအိမ်များပေါ် နေထိုင်တပ်စွဲခြင်းတို့လုပ်ဆောင်နေကြသည်ဟု ဒေသခံထံမှ သိရသည်။
“ရေတာရှည် ရေနီပေါ့ အဲ့ဒီဘက်ကနေ ခရိုင်ချင်းဆက်လမ်းကတဆင့် တက်လာတာ။ သူတို့ (စစ်ကောင်စီ)ရဲ့ရိက္ခာတွေ လက်နက်တွေ ကြည့်တာလေ တော်တော်ပြည့်စုံတယ်။ အဲဒါကိုမှ အဲဒီခရိုင်ချင်းဆက်လမ်းပေါ်မှာ တပ်ဖြန့်ထားတယ်။ ထုံးဘိုကြီးဘက်ကရွာတွေမှာလည်း သူတို့တပ် တွေရှိတယ်။ လူမရှိတဲ့အိမ်တွေရှိတော့ အဲဒီအိမ်တွေပေါ်မှာ လိုက်တက်နေတယ်” ဟု သံတောင်ကြီးဇာတိ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်အင်အားဖြည့်တင်းလာသည့် အဆိုပါခရိုင်ချင်းဆက်လမ်းကို ယခင်က အရပ်သားများ လည်းအသုံးပြုသည်။ သို့သော် သံတောင်-တောင်ငူလမ်းမကြီးပိတ်သည့်ကိစ္စနှင့် ဆက်စပ်ပြီး စစ်ကောင်စီက အဆိုပါလမ်းကို မေလ ဒုတိယအပတ်မှစ၍ တန်ပြန်ပိတ်လိုက်သဖြင့် အရပ်သား အသွားအလာမလုပ်တော့ချေ။

မေလ(၁)ရက်နေ့မှစ၍ သံတောင်-တောင်ငူလမ်းပိတ်ထားသည့် ကာလတွင်လည်း စစ်ကောင်စီက ထုံးဘိုကြီးစခန်းသို့ အင်အားဖြည့်တင်းခဲ့သေးသည်ဟု ဒေသခံများထံမှ သိရသည်။
နောက်ထပ် လိပ်သိုနယ်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးကလည်း “တောင်ငူ-လိပ်သိုလမ်းကနေ တက်လာတာ။ ထုံးဘိုကြီးစခန်းဘက်ကိုပဲ။ စကစ တက်လာတာ တအားများတယ်။ ၂၀၀၊ ၃၀၀ ဝန်းကျင် လောက်ရှိမယ်။ ကော်ဘတ်ခြံတံတားနှစ်စင်းချိုးထားတာကိုတောင် ပြန်ပြင်ပြီးလာကြတာ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တပ်စခန်းရှိတပ်များသည် မေလတစ်လတာအတွင်း အရပ်သားပြည်သူပိုင် နေအိမ်နှင့်လမ်းပိုင်းပေါ် ဝင်ရောက်တပ်စွဲထားသည်မက ဒေသခံ(၁၁)ဦးအား ဖမ်းဆီးရိုက်နှက်မှုများပြုလုပ်ပြီး (၇)ဦးကို သတ်ဖြတ်ခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဧပြီလပိုင်းကလည်း ရေတာရှည်မှထုံးဘိုကြီးတစ်လျှောက် အဝင်အထွက် လုပ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက သံမိုးတောင်ကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းနှင့် နေအိမ်အဆောက်အဦးအချို့ ကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်းလည်း ကရင်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။



















