Home သတင်း KNU ဖားအံခရိုင် အထက်တန်းကျောင်း အစိုးရစစ်အောင်လက်မှတ်ပေးအပ် ကျောင်းဆင်းပွဲ ကျင်းပ

KNU ဖားအံခရိုင် အထက်တန်းကျောင်း အစိုးရစစ်အောင်လက်မှတ်ပေးအပ် ကျောင်းဆင်းပွဲ ကျင်းပ

718

ဇွန် ၇ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇)၊ ဖားအံခရိုင်၊ အမှတ် (၁) ကော်သူးလေ အထက်တန်း ကျောင်း၏ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ ကော်သူးလေ အစိုးရစစ် အောင်မြင်သွားသည့် Grade-12 နှင့် Grade -9 ကျောင်းသူ၊ ကျောင်းသားများကို အောင်လက်မှတ်ပေးအပ် ကျောင်းဆင်းပွဲကို ဇွန် ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD အစိုးစစ် အထက်တန်းအောင်မြင်သူ ကျောင်းသူ၊ ကျောင်းသား ၄၄ ဦး၊ အလယ်တန်းအောင်မြင်သူ ၂၈ ဦးတို့ကို အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး ယခု ၂၀၂၅-၂၆ ပညာသင်နှစ် ကျောင်းဖွင့်ပွဲကိုပါ ဆက်ကျင်းပခဲ့သည်။

ယခုလို အထက်တန်း အောင်မြင်သူ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အဆင့်မြင့်ပညာများဆက်သင်ပြီး နောက် ပညာရေးတာဝန်များ ပြန်ထမ်းဆောင်ဖို့ အမြဲကြိုဆိုနေသည်ဟု ကျောင်းဆရာတစ်ဦးဖြစ်သူ စောလားစေးက ယခုလို တိုက်တွန်းပြောဆိုသည်။

“၁၂ အောင် ကျောင်းသူ၊ ကျောင်းသားတွေကို ပြောချင်တာက သူတို့အနေနဲ့ ရှေ့ဆက်သွားရမယ်။ ခုမှ ပထမ အဆင့်အောင်တာပဲ ရှိသေးတယ်။ ရှေ့ဆက်သွားရမဲ့ အရာတွေလည်း အများကြီးကျန်သေးတယ်။ အဲ့ဒါကြောင့် သူတို့အနေနဲ့ ဆက်ပြီး သင်ယူဖို့ မျှော်လင့်တယ်။ ပိုကြိုးစားကြပြီး အကောင်းဆုံး လုပ်ဆောင်ကြ စေချင်တယ်။ တနေ့ကျရင် ကျနော်တို့ နဲ့ ပြန်လာပူးပေါင်းလုပ်ဆောင်ချင်ရင်လည်း အမြဲကြိုဆိုနေမှာပါ” ဟု ၎င်းက ပြောသည်။

ကော်သူးလေ ပညာရေးစနစ်သည် ကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ ရင်းနှီးမှု ရှိပြီး နားမလည်သည့် သင်ခန်းစာများကို အချိန်မရွေး ပြန်မေး၍ ရကြောင်း၊ တစ်နှစ်ပတ်လုံး ကြိုးစားပြီး အစိုးရ စစ်အောင်မြင်ခဲ့မှုအပေါ် ဝမ်းသာပျော်ရွှင်မိသည်ဟု ကျောင်းသားတစ်ဦးဖြစ်သူ စောဘွယ်လူကွီက ပြောသည်။

“တစ်နှစ်ပတ်လုံးကြိုးစားပြီးတော့ ရလာတဲ့ အတွက် ပျော်တယ်။ ပံ့ပိုးကူညီပေးခဲ့တဲ့အတွက် မိဘတွေရော ဆရာ၊ ဆရာမ တွေရော ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကျောင်းဆင်းပွဲအခမ်းအနားသို့ KECD တာဝန်ရှိသူများ နှင့် ကျောင်းကော်မတီဝင်များ၊ ကျောင်း ဆရာ၊ မများ၊ ကျောင်းသူ၊ သားများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ အပါ အဝင် လူဦးရေ ၅၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

ယခုပညာသင်နှစ်တွင် အဆိုပါ ကျောင်း၌ KG မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၃၄ ဦး တက်ရောက်ပညာ သင်ကြားနေကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။