ဇွန် ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်အခြေစိုက် စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်(စကခ-၁၂) က စစ်ကြောင်းထွက်ထိုးလာ၍ ကော့ကရိတ် -ကျုံဒိုး အာရှလမ်းမ ကိုးတိုင်၊ ခုနှစ်တိုင် ရွာလမ်းပိုင်း၌ ယနေ့ ဇွန် ၇ ရက် နံနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေ သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကျုံဒိုးမြို့မှ စစ်ကောင်စီတပ် စစ်ကြောင်းထွက်မရအောင် တော်လှန်ရေးတပ်များက ပိတ်ဆိုစ့်ထားသည့်အပေါ် ကော့ကရိတ် စကခ-၁၂ က စစ်ကြောင်းထွက် တိုက်ခိုက်လာ၍ ဇွန် ၆ ရက်နေ့ နံနက်ပိုင်းမှ ယနေ့ နံနက်ထိ တိုက် ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ယခုလို ပြောသည်။
“မနေ့ မနက် ၇ နာရီလောက်က နေဖြတ်တိုက်နေတာ စကစ စစ်ကြောင်း ကိုကိုးတိုင်ဘက်နဲ့ ခုနှစ်တိုင်ဘက်၊ EPC ရုံးဘက်မှာ ပစ်နေတာ၊ ကျုံဒိုး ၅၄၅-၅၄၆ က လက်နက်ကြီး ပစ်ကူတယ်။ စကခ-၁၂ နဲ့ အမြောက်တပ် ဘက်က လက်နက်ကြီးနှစ်ဘက်ညှပ်ပစ်နေတာပါ့၊ အခု မနက် ၄ နာရီကျော်အထိ အခြေအနေကောင်းပါတယ်၊ တိုးမ ပေါက်ဘူး စကစတွေ” ဟု ၎င်းက ပြောသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ ကျုံဒိုး စစ်ကောင်စီတပ်ကလည်း ချောင်းဖျား ကျေးရွာလျှိုကျောဘက်မှ စစ်ကြောင်း တစ်ကြောင်းထိုးလာသလို စကခ-၁၂ ဘက်မှလည်း စစ်ကြောင်းတစ်ကြောင်းထွက်ထိုးနေခြင်း ဖြစ် သည်ဟု သိရသည်။
“စကစတွေက အင်အား ၁၀၀ ဝန်းကျင်နဲ့ ချောင်းဖျားဘက်၊ ကိုးတိုင်ဘက်၊ ၇တိုင်ဘက်ကို ဝင်ထိုးတိုက်တာပေါ့၊ လက်နက်အကြီး၊ အသေးအစုံဘဲ၊ လေယာဉ်က ကင်းထောက်ပျံတယ်၊ ဗုံးတော့မကြဲသေးဘူး၊ အခုမနက်အထိ” ဟု ၎င်းက ဆက်ပြောသည်။
ထိုအပြင် ကော့ကရိတ် ၇ တိုင်၊ ၉ တိုင် ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းမှ တပ်သား ၂ ဦး၊ ဇွန် ၆ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ် ပူးပေါင်းတပ်ဘက်သို့ အလင်းဝင် လာခဲ့သလို စစ်ကြောင်းမှ ထွက်ပြေးသည့် တပ်သားသစ်များလည်း ရှိနေသည်ဟု သိရသည်။



















