မေလ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာတစ်နိုင်ငံလုံးရှိ အကျဥ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း ကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ နိုင်ငံရေး အကျဥ်းသူ(၁)ဦးအပါအဝင် အကျဥ်းသား (၈) ဦး သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်- PPNM ၏ ယမန်နေ့ မေလ(၆)ရက် ထုတ်ပြန်ချက်အရ သိရသည်။
အကျဥ်းသားအခွင့်အရေး ချိုးဖောက်မှုအပေါ် မကြာခဏဖော်ပြခံရသည့် အိုးဘိုထောင် ၊ ဒိုက်ဦးထောင် ၊ သာယာဝတီထောင်နှင့် မြောင်းမြထောင် စသည့် အကျဥ်းထောင်များမှ နိုင်ငံရေး အကျဥ်းသား (၈) ဦး၊ အကျဥ်းသူ (၁) ဦး စုစုပေါင်း (၉) ဦး တို့မှာ ထောင်တွင်း ဆေးဝါးမလုံလောက်ခြင်း၊ သက်တမ်းကျော်လွန်သည့် ဆေးဝါးများ နှင့် အာနိသင်မရှိသည့် ဆေးဝါးများ သောက်သုံးရခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားခြင်း တို့ကြောင့် အသက်သေဆုံးခဲ့ရသည်ဟု PPNM ပြောသည်။
PPNM ၏ တာဝန်ရှိသူ မရောင်နီလင်းက “ အကျဥ်းထောင် အများစုမှာ ဆေးအများကြီး ရှိတယ်ဆိုပေမယ့် ကျန်းမာရေးတစ်ခုခု ဖြစ်တာနဲ့ ပါမီတွန်၊ ပါရာစီတမော၊ စီထရင်း ဒါမျိုးဆေးတွေပဲ ပေးတာများတယ်။ ဆေးတွေ ကလည်း ဘူးတွေနဲ့ သေချာထားတာမျိုး မဟုတ်ဘဲ ခွက်တွေနဲ့ပဲ စုပြုံပြီးထားတယ်။ ရက်လွန်တာတွေ မသိရဘဲ ဒီဆေးတွေကိုပဲ တောက်လျှောက်ပေးလာနေတဲ့အတွက် အကျဥ်းသားတွေအတွက် အာနိသင်ရှိမရှိလည်း မသိရဘူး။ အိမ်ကနေမှ ဆေးဝါးပို့ဆောင် လိုက်တယ်ဆိုရင်လည်း သူတို့တွေက ဖြတ်တောက်ထားတာမျိုးတွေ ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အတူ ထောင်တွင်း နိုင်ငံရေး အကျဥ်းသူ၊ အကျဥ်းသားများ၏ အရေးပေါ်ဆေးကုသမှုအတွက် ပြင်ပဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးခြင်းမရှိသဖြင့် သေဆုံးမှုများရှိကြောင်း၊ မိသားစုများထံသို့ အကျဉ်းဦးစီးဌာနမှ ဆက်သွယ် အကြောင်းကြားကာ သေဆုံးသူများ၏ အလောင်းသယ်ဆောင်ခွင့်ပေးခြင်းရှိသော်လည်း အချို့ကို အလောင်းပြန်မပေးခြင်းမရှိကြောင်း မရောင်နီလင်းက ဆက်ပြောသည်။
“ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ပေးတာ တစ်ထောင်နဲ့တစ်ထောင် မတူဘူး။ ထောင်တစ်ခု လောက်ကပဲ မိသားစုဝင်တွေကို ဆက်သွယ်လာယူခိုင်းပြီး နေ့ချင်းသင်္ဂြိုဟ်ခိုင်းတာ ရှိတယ်။ တချို့ထောင် တွေကျတော့ ဆက်ပဲဆက်သွယ်လိုက်တာ သေဆုံးကြောင်းကို စာရွက်စာတမ်းတွေတောင်မှာ မပြောဘဲ သူတို့ကိုယ်တိုင်သင်္ဂြိုဟ်ပြီးပါပြီဆိုတဲ့ ပုံစံနဲ့ ဆက်သွယ်လာတာမျိုးတွေ အခုထိတိုင် ရှိသေးတယ်” ဟု ပြောသည်။
အကျဉ်းထောင်တွင်း၌ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းအပြင် အခြားသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကိုလည်း နိုင်ငံရေးအကျဉ်းသားများ များစွာ ကြုံတွေ့ ခံစားရနေရသည်ဟုလည်း PPNM က ပြောသည်။
ထိုသို့ နိုင်ငံရေးဖြင့်ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူများအတွက် ရပိုင်ခွင့်ချိုးဖောက်ရာ ရောက်သည့် အခြေအ နေများဖြစ်သည့် လူ့အခွင့်အရေးနှင့်အညီ ဆောင်ရွက်ရန်၊ ကျန်းမာရေးဆိုင်ရာအထောက်အပံ့များ လွယ်လွယ်ကူကူရရှိရန်အတွက် အကောင်အထည်ဖော်နိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း PPNM က ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တနှစ်တာကာလပတ်လုံးတွင်လည်း ယခုလို ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့်အတွက် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး (၃)ဦး၊ အမျိုးသား (၁၈)ဦးနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူ -LGBT (၁) ဦး အပါအဝင် စုစုပေါင်း (၂၂) ဦး သေဆုံးခဲ့ရကြောင်း PPNM စာရင်းအရ သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ မှတ်တမ်းအရ စစ်တပ် အာဏာ သိမ်းချိန်မှစပြီး ယခု ၂၀၂၅ ခုနှစ်အထိ တော်လှန်ရေးတက်ကြွလှုပ်ရှားမှုနှင့် နိုင်ငံရေးတွင် ပါဝင်မှုတို့ကြောင့် အသက်သေဆုံးခဲ့ရသူစုစုပေါင်း (၆,၆၁၅)ကျော်ရှိသည်ဟု ဖော်ပြထားသည်။



















