Home သတင်း ကျုံဒိုး ခမရ-၅၄၆ တပ်ကို KNLA ပူးပေါင်းတပ် ပိတ်ဆို့ တိုက်ခိုက်

ကျုံဒိုး ခမရ-၅၄၆ တပ်ကို KNLA ပူးပေါင်းတပ် ပိတ်ဆို့ တိုက်ခိုက်

481
Photo: CJ

မေ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း ကျွန်းကလေးရွာနှင့် နွားခြံကုန်းရွာအကြားရှိ စစ်ကောင်စီ ခြေမြန် တပ်ရင်း- ခမရ (၅၄၆)ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်ပူးပေါင်း တပ်များက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပြောသည်။

အဆိုပါ ခမရ-၅၄၆ တပ်ရင်း မကျရေးအတွက် စစ်ကောင်စီက မေ ၁ ရက်နေ့မှစ၍ လက်နက်ကြီး၊ လေကြောင်းမှ ဗုံးကြဲပစ်ကူပေးခြင်းအပါအဝင် ဒရုန်းများဖြင့် နည်းလမ်းမျိုးစုံသုံးခုခံနေသော်လည်း ယခု သတင်းရေးသားချိန်တွင် မဟာမိတ်ပူးပေါင်းတပ်များ တပ်ရင်းအနီးတစ်ဝိုက်ထိ ထိုးစစ်ဆင်နေပြီးဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယခုလို ပြောသည်။

“ကျုံဒိုး စစ်တပ် ကော့ကရိတ်အထွက်လမ်းက ၅၄၆ တပ်ရင်းကိုဝိုင်းတိုက်နေတဲ့ အခြေအနေပေါ့နော်၊ နွားခြံကုန်း လည်းထွက်မရ၊ ကျွန်းကလေးဘက်လည်း ဆုတ်မရတဲ့ ပုံစံ စကစ တပ်တွေ ဖြစ်နေတယ်။ အဲ့တော့ ကော့ကျိုက်၊ ကော့လှိုက်ဘက် ပစ်လိုက်၊ ညောင်ရိပ်သာ၊ သရက်တောဘက် ပစ်ထုတ်လိုက်၊ ကော့ဝါလဲ့၊ နွားခြံကုန်း ပစ်ထုတ် လိုက် လုပ်နေတယ်။ ရွာတွေ တော့ရွာသား မရှိတော့ဘူး။ တိုက်ပွဲက သူတို့စကစ တပ်ရင်းနားကပ်နေပြီလေ” ဟု ကေအိုင်စီ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယခုလို ရက်ဆက်တိုက်ပွဲအတွင်း ကျုံဒိုးမြို့ပေါ် ရဲစခန်း၊ ဂျိုင်းတံတားဘက် အထွက်ရှိ ခမရ-၅၄၅ တပ်နှင့် ဂျိုင်းတံ တားလုံခြုံရေးတပ်နေရာများသို့ KNLA မဟာမိတ် ပူးပေါင်းတပ်များ ပစ်ခတ်သည့် လက်နက်ကြီးနှင့် ရှော့ တိုက်ဒုံးများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနေပြီး ဖားအံတောင်ကလေး စစ်ဆေးရုံသို့ သယ်ယူ ပို့ဆောင်မှုများ ပြုလုပ်နေသည်ဟု မျက်မြင်သိရှိသူ ကေအိုင်စီ သတင်းရင်းမြစ်က ပြောသည်။

“ကျုံဒိုး စစ်တပ်တွေထဲ လက်နက်ကြီးကျတယ်။ ဒရုန်း ကျတယ်။ ရှော့တိုက်တွေ ကျတယ်။ ထိကြတာများတယ် ။ ကျုံဒိုးဆေးရုံက လျှပ်စစ်မီးမနိုင်တော့ ဖားအံတောင်ကလေးကို ပို့တယ်၊ အရပ်သားကားတွေ ချောဆွဲတယ်၊ ဖားအံ နာ/ကူ အဖွဲ့ကားတွေလာသယ်တယ်။ သေတာ ကြတော့အရာရှိဆိုရင် ထန်းကိုးပင် သင်္ချိုင်းမှာ သင်္ဂြိုဟ်တယ်” ဟု ဂျိုင်းတံတားအနီးနေထိုင်သည့် ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။

ယနေ့ မေ ၇ ရက်နေ့တွင် ကျုံဒိုး၊ ကော့ကရိတ် ဒေသအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများ ဖြစ်ပွားနေပြီး တချို့နေရာများ၌ စခန်း သိမ်း တိုက်ပွဲများ ပြုလုပ်လျက်ရှိသည်။

ထို့ကြောင့် ထိုင်းကုန်စည်သည် ကားများနှင့် ခရီးသွားများအနေဖြင့် ထို့ကော်ကိုး၊ နဘူး၊ ကြက်ဥတောင်၊ ၁၀၁၈ BGF တပ်လမ်းပိုင်းများမှ မြဝတီ-ဖားအံ- ရန်ကုန် ကုန်စည်နှင့် ခရီးသည်တင်ကားများ သွားလာနေသည်ဟု သိရ သည်။