မေ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ မယ်လ၊ မယ်တန်ကျေးရွာတဖက်ကမ်း၊ ၂.၅ ကီလိုမီ တာအကွာအဝေးရှိ ဖားအံခရိုင်အတွင်းက စစ်ကောင်စီ အခြေချထားသည့် တပ်စခန်းများတွင် တိုက်ပွဲဖြစ် ပွားနေ၍ ဒေသခံ ကရင်တိုင်းရင်းသား ၁၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာသည်ဟု ထိုင်းသတင်းမီဒီယာအချို့က ဖော်ပြသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO ပူးပေါင်း တပ်များက ထိုင်းနိုင်ငံတဖက်ကမ်း (ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ ) စစ်ကောင်စီတပ်စခန်းများအား ယနေ့ နံနက်ပိုင်းမှစ၍ ဒရုန်းများအသုံးပြု၍ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ထိုင်းသတင်းအရင်းအမြစ်က ဆိုသည်။
တိုက်ပွဲသံဖြစ်ပေါ်လာချိန်၌ အနီးအနားကျေးရွာနေဒေသခံများသည် နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်အနား ပြေးထွက်လာကြပြီး အချို့မှာ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်ခိုလှုံလာကြပြီဟု မယ်တန်ရွာ(ထိုင်းဘက်ခြမ်း)ရှိ ရွာသားတစ်ဦးက ပြောသည်။
“ဟိုဖက်အသံတွေ ထွက်လာတော့ ရွာသားတွေ သောင်ရင်း ကမ်းနံဘေးမှာ အများကြီးပဲ ထွက်လာတယ်။ မယ် တန်ရွာ(ထိုင်းဘက်) တဖက်ကမ်းက မယ်လ၊ ကာတဲ ၊ ထီးကဟော၊ သေ့မော်ကု အဲဒီရွာတွေ ရွာသားတွေ အားလုံး ပြေးလာတယ်။ အယောက် ၁,၀၀၀ လောက်ရှိမယ်ထင်တယ်။ ဟိုတစ်စု၊ ဒီတစ်စုပေါ့။” ဟု အဆိုပါ မယ်တန်ရွာသားက ပြောသည်။
ထိုင်းမီဒီယာများက ဖော်ပြချက်အရမူ တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ရှောင်လာသူ ၁၈၀ ဝန်းကျင်ရှိနေပြီး ၎င်းတို့အား ထိုင်းအာဏာပိုင်များက ထာ့ဆောင်ယန်းခရိုင်၊ မယ်လဘက်ခြမ်းတွင် ယာယီ စစ်ဘေးရှောင် နေရာ(၂)ခုထားရှိ၍ လူသားချင်းစာနာမှုအကူအညီပေးလျက်ရှိသည်ဟု ဆိုသည်။
ထို့အတူ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့်နီးကပ်သည့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကိုလည်း အာဏာပိုင်များ၊ တာဝန်ရှိ တပ်ရင်းတပ်ဖွဲ့များမှ မျက်ခြေမပြတ်စောင့်ကြည့်နေကြကြောင်းလည်း သိရသည်။



















