Home သတင်း ဘတ်သန်းပေါင်း ၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုနှင့်ပတ်သက်မှုမရှိကြောင်း KNLA ပြော

ဘတ်သန်းပေါင်း ၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုနှင့်ပတ်သက်မှုမရှိကြောင်း KNLA ပြော

667
Photo: The Nation

မတ်လ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံတွင် မတ်လ(၂၁)ရက်နေ့က ထိုင်းအာဏာပိုင်များမှဖမ်းဆီးရမိလိုက်သည့် ဘတ်သန်း ၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုမှာ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNU/KNLA နှင့်မပတ်သက်ကြောင်း KNLA ဗဟိုစစ်ဦးစီးဌာနချုပ်ဘက်က ယမန်နေ့ ထုတ်ပြန်ပြောသည်။

ထိုင်းမှမြန်မာနိုင်ငံ မြဝတီမြို့နယ်ဘက်သို့ မဲဆောက်မြို့ကိုဖြတ်သန်းပြီး သောက်ရေသန့်သွားပို့ရာမှ ပြန်လာသည့် ကွန်တိန်နာကားတစ်စီးအား ထိုင်းအာဏာပိုင်များက နခွန်စဝမ်မြို့တွင် သံသယဖြင့် တားဆီးစစ်ဆေးခဲ့ရာ စိတ်ကြွ ဆေး(၁၈)သန်း၊ ICE ရေခဲ (၇၅၀)ကီလိုဂရမ်ပါဝင်သော ဘတ်ငွေ သန်း ၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချခြင်းအား နိုင်ငံတကာမှလက်ခံခြင်းမပြုသည့်နည်းတူ KNU/KNLA အနေဖြင့် ဆန့်ကျင်ရှုတ်ချသလို မတ်လ (၂၁)ရက်နေ့က အမှုနှင့်လည်းသက်ဆိုင်မှုမရှိဟု KNLA ဗဟိုစစ်ဦးစီးဌာနချုပ်ဘက်က ပြောသည်။

နှစ်ပေါင်း ၇၀ ကျော် ရပ်တည်လာခဲ့သည့် KNU/KNLA ၏ တော်လှန်ရေးသမိုင်းတစ်လျှောက် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကင်းကင်းရှင်းရှင်းနေလာခဲ့ပြီး KNU နယ်မြေအတွင်း မူးယစ်ဆေးနှင့်ဆိုင်သည့် ပြစ်မှုကျုးလွန်ပါက တည်ဆဲမူဝါဒ၊ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း KNLA ဘက်က အသိပေးထားသည်။

မူးယစ်ဆေးဝါးအမြောက်အများ ဖမ်းဆီးရမိသည့်ကိစ္စအပေါ် ထိုင်းရဲတပ်ဖွဲ့ဘက်က ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲဖြင့် လူထုထံဖော်ထုတ်ပြောဆိုခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံသားမောင်းနှင်သော ကုန်တင်ယာဥ်ဖြင့် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများမှာ နယ်စပ်ဒေသရှိ DKBA အရာရှိများနှင့် ပတ်သက်မှုရှိသည်ဟုလည်း ထိုင်းမီဒီယာများက ဖော်ပြပြောဆိုကြသည်။

အမှုတွင် နာမည်တပ်ဖော်ပြခံရသည့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဆန်းအောင်ကမူ ထိုင်းဘက်ကစွပ်စွဲချက် သပ်သပ်ဖြစ်ပြီး မိမိပါဝင်ပတ်သက်မှုမရှိကြောင်း၊ DKBA တပ်ဖွဲ့ဝင်များ ပါဝင်နေခြင်းရှိမရှိကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့က ကေအိုင်စီ၏ မေးမြန်းချက်ကို ဖြေကြားသည်။

အဆိုပါမူးယစ်ဆေးအမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်က ယာဥ်မောင်းနှင်သူ ထိုင်းနိုင်ငံသားများအား ဖမ်းဆီးအရေးယူလျက်ရှိသလို နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုအား ကုန်စည်တင်ပို့၊ တင်သွင်းခွင့် ကန့်သတ်ခြင်းနှင့် တွဲကား၊ ကုန်ကားကြီးများအား မြဝတီဘက်သို့ ကမ်းကူးပေးခြင်းတို့အား ရပ်ဆိုင်းလိုက်သည်။