Home သတင်း အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား စစ်ကောင်စီ တောင်းဆို

အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား စစ်ကောင်စီ တောင်းဆို

768
Photo: Social Media

မတ် ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နေပြည်တော်တွင် ကျင်းပပြုလုပ်နေသည့် စစ်ကောင်စီ၏ ၃ ရက်တာ ငြိမ်းချမ်း‌ရေးစကားဝိုင်း၌ အပစ်ခတ်ရပ်စဲ ရေးဖြစ်ပေါ်လာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမျာအနေဖြင့် အကူအညီပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့ကြောင်း သိရသည်။

မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှစ်ခု ဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ -NSPNC အဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့နှင့် အခြားလူပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး ကျင်းပပြုလုပ်နေခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးစကားဝိုင်းမှသည် အပစ်ခတ်ရပ်စဲ‌ရေးဖြစ်ပေါ်လာစေရန် တက်ရောက်လာသော တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် သက်ဆိုင်ရာအဖွဲ့များထံ ကူညီပြောဆိုပေးရေး စစ်ကောင်စီက တောင်းဆို သွားခဲ့ကြောင်း စကားဝိုင်းသို့ တက်ရောက်ခဲ့သူ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ကေအိုင်စီသို့ ပြောသည်။

“ ဘာတွေ ဆွေးနွေးကြလဲဆိုတော့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့ ဘယ်လိုလုပ်ကြမလဲ။ ကျနော်တို့က ဘာတွေကို ပြန်ပြောကူပေးရမလဲ ဆိုတာတွေပေါ့။ ပြောချင်တာက သူများတွေက တိုက်နေကြတာလေ။ ပြီးတော့ လာတဲ့လမ်းမှာလည်း PDF တွေချည်းပဲဆိုတာက ခင်ဗျားတို့ ဖိတ်လို့ လာရတာပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဆွေးနွေးပွဲ၌ DKBA ဘက်က နှစ်ဖက်ထိန်းချုပ် နယ်မြေဒေသများတွင် နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် အရပ်သားပြည်သူများ ထိခိုက်စေမည့် စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန် ထည့်သွင်းပြောဆိုခဲ့သည်ဟုလည်း ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ဖြည့်စွက်ပြောသည်။

Photo: Social Media

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သည် ပဋိပက္ခဖြစ်ပေါ်နေသည့် လက်နက်အဖွဲ့များအားလုံးပါဝင်မှ အောင်မြင်နိုင်မည်ဟု ဆိုသော်လည်း လက်ရှိ ဖြစ်ပေါ်နေသော ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အဓိကကျသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်တက်ရောက်ခြင်း မရှိပေ။

ထိုငြိမ်းချမ်းရေးစကားဝိုင်းသို့ စစ်ကောင်စီ၏ (NSPNC) ကော်မတီဝင်များ၊ စစ်တပ်အငြိမ်းစားများ၊ စစ်ကောင်စီ၏ ဝန်ကြီးများ၊ ဖိတ်ကြားထားသည့် NCA အပစ်ရပ် 7 EAOs Alliance အဖွဲ့ထဲမှ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၆) ဖွဲ့အပြင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ကြောင်း သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးပြောခွင့်ရ ပဒိုစောကလယ်စေးက “စစ်ကောင်စီက လုပ်မယ့် ဒီငြိမ်းချမ်းရေးဆိုတာက ကျနော်တို့ မြင်တာက အဆိပ်အတောက်ရှိတဲ့ ငြိမ်းချမ်းရေးပါပဲ။ နောက်တစ်ခုက ငြိမ်းချမ်းရေး လုပ်ဖို့ အချိန်ကောင်းက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလက ဖြစ်တယ်။ ဒီကနေ့ကို ရောက်တော့ ငြိမ်းချမ်းရေး အစီအစဉ်တွေဆိုတာက အခါနှောင်း ကုန်ပြီး။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိတော့တဲ့အပေါ်မှာ အချိန်လွန်ကုန်ပြီးလို့ ပြောလို့ရတယ်။ ဒီလိုအစီအစဉ်က ယုံကြည်မှု မရှိကြဘဲနဲ့ လုပ်မယ်ဆိုရင် ဘယ်လိုမှ အကောင်အထည်ဖော် လာမှာ မဟုတ်ဘူးလို့ ပြောလို့ရတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

7 EAOs Alliance ကို ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်(DKBA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ(RCSS), မွန်ပြည်သစ်ပါတီ(NMSP), ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP), ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) စသည့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။