Home သတင်း တနင်္သာရီတွင် စစ်ကောင်စီမှ လေကြာင်းဖြင့်နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ

တနင်္သာရီတွင် စစ်ကောင်စီမှ လေကြာင်းဖြင့်နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ

530
Photo: Children displaced by war in Tanintharyi Region

မတ် ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တနင်္သာရီမြို့နယ်တွင်စစ်ကောင်စီတပ်များမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများနှင့်စစ်ဘေးရှောင်ကူညီသူများ ၏ ပြောဆိုချက်များအရသိရသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ သမီးလှကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှပြီးခဲ့သည့် မတ်လ(၃)ရက်နေ့မှစတင်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် အသက်(၁၀)နှစ်ဝန်းကျင်ကလေးငယ်အမျိုးသမီးနှစ်ဦးနှင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။

“အခုလက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကုသမှုတွေ ခံယူနေရတာတွေတော့ရှိတယ်။ စစ်တပ်က လေကြောင်းတင်မကဘူး ဒရုန်းအပြင်လက်နက်ကြီးတွေကို ပကဖတွေ ရှိနိုင်မယ်ထင်တဲ့နေရာတွေကိုရမ်းပစ်တဲ့ သဘောမှာရှိတယ်။တိုက်ပွဲမရှိလည်း အမြဲလိုလိုလုပ်ဆောင်နေတယ်။”ဟု ကေအိုင်စီ သို့ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများထိခိုက်မှုများအပြင် နေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့ရပြီး တနင်္သာရီတိုင်းထဲအတွင်းရှိ မြို့နယ်များရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ဒေသခံအများစုသည် စိုးရိမ်ကြောက်လန့်စိတ်နှင့် နေထိုင်နေကြရကြောင်း စစ်ဘေးရှောင်ကူညီသူများကပြောဆိုသည်။

“နေရပ်ပြန်ရင်လည်း လမ်းမှာစကစနဲ့တိုးရင် ပစ်သတ်ခံရတယ်။မပြန်တော့လည်း လေကြောင်းကရှိတယ်။တော်တော်လေး ကြပ်တည်းတယ်လို့ဘဲပြေရမယ်။ အလုပ်အကိုင်တွေခက်ခဲတာတွေရှိတယ်။ ပြီးတော့ဆေးဝါးမလုံလောက်တော့ လေကြောင်းကြောင့်ထိခိုက်ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံတွေကိုပို့ရတဲ့ လမ်းကြောင်းအခက်အခဲတွေလည်းရှိနေပါတယ်။”ဟု ကေအိုင်စီ သို့ပြောဆိုသည်။

ပြီးခဲ့သည့် မတ် ၁ ရက်နေ့တွင်လည်း တနင်္သာရီမြို့နယ်ရှိ တကူကျေးရွာအုပ်စု မာရမ်းချောင်းကျေးရွာတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီး ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီတပ်မှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးကြဲခံရ၍ ဒေသခံအမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိသွားခဲ့ပြီး နီးစပ်ရာဆေးရုံ၌ ဆေးကုသမှုခံယူနေသည်ဟု သိရသည်။