Home သတင်း ကော့ကရိတ်၊ ကျုံဒိုး ကျေးရွာအများအပြား တစ်ရက်အတွင်း ဗုံးဆက်တိုက် ကြဲခံရ

ကော့ကရိတ်၊ ကျုံဒိုး ကျေးရွာအများအပြား တစ်ရက်အတွင်း ဗုံးဆက်တိုက် ကြဲခံရ

706

မတ် ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့အတွင်းရှိ ကျေးရွာ အများအပြား မတ် ၄ ရက်နေ့ တစ်ရက်ထဲတွင် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရသည်ဟု ဒေသခံများနှင့် မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ဗုံးကြဲခံရမှု ဖြစ်စဉ်များမှာ ကော့ကရိတ်မြို့ နယ် အစွန်း(အကျုံး)ကျေးရွာသို့ ယနေ့ မတ် ၅ ရက်နေ့ နံနက်ပိုင် တစ်နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ အစွန်းကျေးရွာ ညသန်းခေါင်ယံချိန် ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် ဒေသခံ ၂ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ပြီး လူနေအိမ် ၃ လုံး ပျက်စီးသွားသည်ဟု အစွန်းရွာသူ အမျိုးသမီးတစ်ဦးက ယခုလို အတည်ပြု ပြောသည်။

“သူတို့ လေယာဉ်လာပစ်တာက လူအိပ်ချိန်မှာ အိမ်ထဲကဘုရားစင်ရှေ့မှာဘဲ လူကြီး၊ ကလေး အိမ်မှာရှိတဲ့လူတွေ အိပ်တာဘဲ။ နေအိမ်တစ်လုံးအကုန်ပျက်သွားတယ်။ သူတို့အုံးတဲ့ ခေါင်းအုံးတောင် အကုန်ကြေမွသွားတယ်။ ဒါပေမယ့် လူက အရမ်းကြီးမထိတာ တော်တော်ကံကောင်း သွားတယ်” ဟု သူမက ကေအိုင်စီသို့ ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ပုအိမ်တစ်လုံး ပြန်ပြင်၍ မရသည့်အထိ ပျက်ဆီးသွားသည်။ ထို့အပြင် အခြား အိမ် ၂ လုံးသည်လည်း ပျက်စီးမှု များပြားသလို စပါးကျီ တစ်ခုပါ ပျက်စီးသွားသည်ဟု ဒေသခံ များက ပြောသည်။

အလားတူ မတ် ၄ ရက်၊ ယမန်နေ့ နေ့လယ်ပိုင်းအချိန်တွင် ကော့ကရိတ်တောင်ပိုင်းရှိ ဘော့ဒိုင်းကျေးရွာထဲသို့ စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ သွားသည်ဟု မြေပြင်ရှိ သတင်းရင်းမြစ်က ပြောသည်။

“မနေ့က ကော့ကရိတ်မှာ နေ့လည် ၁ နာရီ လောက်၊ ဂျက်လေယာဥ် ၁ စီး ပတ်ဝဲ နေတယ်။ ပြီးတော့ ဒေါနတောင် ခြေက ကော့နွဲ့ ၊ နန်းရွှေမှုံ ၊ တရိတခေါင်း၊ လှိုင်တန်း၊ ဘော့ဒိုင်းဘက်ကို ပျံလာပြီး ဗုံး ၇ လုံး ကြဲသွားပြီးတော့ ဘော့ဒိုင်း စာသင်ကျောင်းကို လေယာဥ်က စက်သေနတ်နဲ့ပစ်တာ ကျောင်းဆောင်တွေထိပြီး အနားက ရွာသား တစ်ဦးနဲ့ ရွာသူ တစ်ဦး အစမှန် ဒဏ်ရာရတယ်။ ကျန်တဲ့ ရွာတွေကတော့ အိမ်တွေခြံတွေ ပျက်စီးတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် မတ် ၄ ရက်‌နေ့ ညနေပိုင်းနှင့် ညဦးအချိန်တွင် ကျုံဒိုးမြို့၊ အရှေ့ဘက်ကမ်း(ဂျိုင်းမြစ်အရှေ့ဘက်ကမ်း) ကျေးရွာများနှင့် ကျိုက်ဒုံ မြို့နယ်ဘက်ရှိ ကျေးရွာများကို ဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက် ခံရသည် ဟု ဒေသခံများက ပြောသည်။

“ညနေ ၄ နာရီ ကျော် မှာ Y12 တစ်စီး မော်လမြိုင်ဘက်က တက်လာပြီး မိဂလုံ ၊ တောင်ကမ္ပလိုက်၊ သရိတခေါင်း၊ တောင်ကြာအင်းဘက်ပတ်ပြီး သုံးဆယ့်သုံးဆူရွာနဲ့ ခုဒုံရွာဘက် ဗုံးကြဲတာ အိမ်တွေနဲ့ စာသင်ကျောင်း တစ်ကျောင်း ပျက်စီးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကျုံဒိုးရှိ ကျေးရွာများ ဗုံးကြဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု နောက်ဆက်တွဲ အခြေအနေများကို ကေအိုင်စီက သီးခြား အတည်ပြုရန် ဒေသခံများနှင့် ဆက်သွယ်နေဆဲ ဖြစ်သည်။

ကော့ကရိတ်မြို့တောင်ပိုင်းရှိ အာရှလမ်းမပေါ်တွင် အောင်ဇေယျစစ်ကြောင်းနှင့် KNLA တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လာသလို စစ်ကောင်စီက မြေပြင် အင်အား တိုးချဲ့ပို့ဆောင်လျက် ရှိသည်။

ထို့အပြင် ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာများထဲတွင် လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်မှု တိုးမြှင့် တိုက်ခိုက်လာသလို အာရှလမ်းမအနီးရှိ ကော့နွဲ ၊ ရွာသစ်ကုန်းစသည့် ကျေးရွာများထဲတွင် စစ်ကောင်စီတပ်ဘက်မှ လူနေအိမ်အများအပြား ဝင်ရောက်မီးရှို့ပျက်ဆီးမှုများ ယခုရက်ပိုင်းတွင် ပိုမိုများလာသည်ဟုသိရသည်။

ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်၊ ခွန်နဝါ (မောထီး) ကျေးရွာသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင်လည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရသလို ယခုနှစ်ဆန်းပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်တိုးလာသည်ဟု ဒေသခံများက ပြောသည်။