Home သတင်း ပူလူတူ စခန်းသိမ်းဆည်းရမိသည့် သတင်းအပေါ် ကေအဲန်ယူ အတည်မပြုနိုင်သေး

ပူလူတူ စခန်းသိမ်းဆည်းရမိသည့် သတင်းအပေါ် ကေအဲန်ယူ အတည်မပြုနိုင်သေး

724
Photo: Social Media

မတ်လ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ပူလူတူ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိသည့်သတင်းအပေါ် အတည်မပြုနိုင်သေးကြောင်း ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်အနီး စစ်ကောင်စီ၏ပူလူတူ စခန်းကုန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကတည်းက KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိနိုင်ရန် ကြိုးပမ်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ မတ်လ ၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိနိုင်ပြီဟူသော သတင်းများ လူမှုကွန်ရက်ပေါ်၌ ပေါ်ထွက်နေခြင်းဖြစ်သည်။

စခန်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကေအဲန်ယူဗဟိုဘက်က နောက်ဆုံးရရှိထားသည့်သတင်းအချက်အလက်အရ ပူလူတူစခန်းကိုသိမ်းနိုင်ရန် ကြိုးပမ်းနေသောအနေအထားဖြင့်သာ သိရှိထားပြီး အတည်မပြုနိုင်သေးကြောင်း ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေး၏ ပြောပြချက်အရ သိရသည်။

“စခန်းရပြီလို့ပြောတဲ့သူတွေ ဘယ်လိုကွန်ဖန်းလုပ်လဲပေါ့၊ အခြေအနေတွေကအမျိုးမျိုးဖြစ်နေတယ်လေ။ တာဝန်ရှိသူတွေဆီကလည်း ကျနော်တို့ကို ဘာမှအကြောင်းကြားလာတာမရှိသေးဘူး။ စခန်းသိမ်းမိရဖို့ကြိုးစားနေတယ်ဆိုတဲ့ အတိုင်းအတာလောက်ပဲ မက်ဆေ့ရထားသေးတယ်” ဟု ပဒိုစောကလယ်စေးက ယနေ့(မတ်လ ၃ရက်နေ့) မနက်ပိုင်းတွင် ကေအိုင်စီကိုပြောသည်။

Photo: Social Media

လှုမှုကွန်ရက်တွင် ပေါ်ထွက်နေသည့်သတင်းများအရ စခန်းသိမ်းပိုက်ရရှိမှုအပေါ် တိုက်ပွဲဖြစ်ပွားနေသည့် ထိုင်းနယ်စပ်အနီး လုံခြုံရေးစောင့်ကြည့်သော ထိုင်းနယ်ခြားစောင့်တပ်ဘက်က အတည်ပြုသလို တိုက်ပွဲအတွင်းပါဝင်သည့် KNLA အရာရှိကလည်း အတည်ပြုထားသည်ဟုဆိုသည်။

ထို့အပြင် မတ်လ (၂)ရက်နေ့က မိုးလင်းမိုးချုပ် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စခန်းကုန်း နေရာအချို့မီးလောင်ပျက်စီးမှုရှိခဲ့ပြီး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများကြောင့် မြန်မာဘက်မှ ဒေသခံများ သောင်ရင်းမြစ်ကိုဖြတ်ကူး၍ ထိုင်းနိုင်ငံအတွင်း လာရောက်တိမ်းရှောင်ကြကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

ဖေဖော်ဝါရီလကတည်းက လုံခြုံရေးအခြေအနေကြောင့် ပူလူတူ စခန်းအနီးရှိ ကလေးဖိုးကလိုးကျေးရွာအပါအဝင် ရွာနေဒေသခံအချို့ ထိုင်းဘက်ကမ်းသို့ ကြိုတင်ရှောင်တိမ်းခဲ့ကြသလို တိုက်ပွဲရက်တာအတွင်း စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲခြင်းကြောင့် လက်ရှိတွင် စစ်ရှောင်ဦးရေ ၅၀၀ ဝန်းကျင်ရှိလာပြီဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။