မတ်လ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်နှင့် ကယန်းဒေသများတွင် စစ်ကောင်စီကြောင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလ အတွင်း ဒေသခံပြည်သူပိုင်နေအိမ် ၇၂ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က မတ် ၁ ရက်နေ့တွင်ထုတ်ပြန်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်များ အဆိုပါ ဒေသများသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်း၊ လေကြောင်းမှ မီးလောင်ဗုံးများ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ယခုလို ပြည်သူပိုင် နေအိမ်များထိခိုက် ပျက်စီးသွားသလို ပြည်သူ ၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယခုလိုလူ့အခွင့်အရေးချိုးဖောက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး၊ ဗညားခွန်အောင်က “ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ထွန်းလာတဲ့ လူမှုအခက်ခဲတွေ ၊အခွင့်ရေး ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေက ပြောမတတ်လောက်အောင် ဆိုးရွားတဲ့အခြေနေဖြစ်တယ်။ ဒီအပေါ်မှာကျနော်တို့ အနေနဲ့ ဝမ်းနည်းမိတယ်။ နောက်ပြီးတော့ ကျနော်တို့မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာတွေ ရိုက်ချိုးခြင်းခံရ တယ်။ အဲ့တော့ ကျနော်တို့က ဒီပုံစံအတိုင်းဆက်သွားလို့ မရတာတော့ သေချာတယ်။ ချိုးဖောက်မှုလုပ်ငန်းစဉ် တွေမှာ ပါဝင်နေတဲ့သူတွေကို ခွင့်လွှတ်နိုင်မယ့်အခြေနေထက် ကျော်လွန်သွားတယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၂၀၂၅ခုနှစ် အစပိုင်းမှစတင်ပြီး စစ်ဘေးရှောင်းစခန်းများနှင့် ပြည်သူများကို အဓိက ပစ်မှတ်ထားကာမီးလောင်ဗုံးများကိုအသုံးပြု၍ ပြည်သူ့နေအိမ်များကို ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်နေသောကြောင့် ပြည်သူများထိခိုက်သေဆုံးခြင်းနှင့် နေအိမ်ပျက်စီးမှုများသည် တစ်နှစ်ထက်တစ်နှစ် တိုးလာ နေသည်ဟု စစ်ဘေး ရှောင်ကူညီသူများက ပြောဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကမှစ၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်ပိုင်းအထိ ကရင်နီပြည်နယ် နှင့် ကယန်းဒေသထဲများတွင် စစ်ကောင်စီတပ်များကြောင့် ဒေသခံပြည်သူ ၅၀၀ ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၇၀၃ ဦး ကျဆုံးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ၏စာရင်းချုပ်၌ ဖော်ပြထားသည်။
လက်ရှိတွင်လည်း ရှမ်း- ကရင်နီ(ကယား)နယ်စပ် မိုးဗြဲဒေသတွင်လည်း နှစ်ဖက်ထိတွေ့မှုများ ဆက်တိုက်ဖြစ်ပွား နေပြီး စစ်ကောင်စီတပ်မှ မိုးဗြဲအနီးတစ်ဝိုက်ရှိဒေသများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေသည်ဟု KNDF တာဝန်ရှိသူ များက ပြောဆိုသည်။



















