မတ်လ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စားဝတ်နေရေးခက်ခဲနေသည့် သတင်းသမားများ အရေးပေါ်အကူအညီထောက်ပံ့မှုရရှိနိုင်ရန်အတွက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ-IPCM တွင် လျှောက်ထားနိုင်ကြောင်း ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် IPCM က ယနေ့ အသိပေးကြေညာသည်။
IPCM က သတ်မှတ်ထားသည့် အကူအညီရရှိမှုလျှောက်လွှာပါစံညွှန်းအတိုင်း IPCM အဖွဲ့ဝင် မီဒီယာများအပါအဝင် ပြင်ပမီဒီယာအဖွဲ့နှင့် တစ်သီးပုဂ္ဂလသတင်းသမားများလည်း ယခု မတ်လ(၁၈)ရက်နေ့ နောက်ဆုံးထား၍ အရေးပေါ်အကူအညီရရှိရန်လျှောက်ထားနိုင်ပြီဖြစ်သည်ဟု IPCM က ဆိုသည်။
“အားလုံးအတွက်ကိုထည့်စဥ်းစားပြီး လုပ်တဲ့အစီအစဥ်ဖြစ်ပါတယ်။ မီဒီယာအလုပ်ကို လုံးဝလုပ်နိုင်ခြင်း မရှိတော့တဲ့သူတွေ၊ အလွတ်တန်းအနေနဲ့မခန့်အပ်နိုင်တော့တဲ့သူတွေ ဒါကြောင့် မှီခိုနေတဲ့မိသားစုပါ ခက်ခဲသွားတဲ့သူတွေကိုတော့ နည်းနည်း ဦးစားပေးစဥ်းစားရမှာရှိတယ်။ လျှောက်လွှာထဲမှာပါတဲ့စံနှုန်းအတိုင်း ထောက်ပံ့ပေးသွားမှာပါ” ဟု IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက ပြောသည်။
IPCM ၏ အသိပေးကြေညာချက်ပါ လျှောက်လွှာတွင် အကူအညီတောင်းခံသည့်သတင်းသမားအနေဖြင့် မိမိထံဆက်သွယ်နိုင်မည့်အချက်အလက်အပါအဝင် အလုပ်မှနားလိုက်ရသည့်အကြောင်းအရင်းနှင့် လက်ရှိရင်ဆိုင်နေရသည့်အခက်အခဲများကိုပါ ထည့်သွင်းရမည့်အကြောင်း ပါရှိသည်။
ထောက်ပံ့ကူညီမှုအတွက် ရရှိထားသည့်ရန်ပုံငွေအပေါ်မူတည်၍ ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွက် ပေးသွားနိုင်မည်ဖြစ်သော်လည်း အခက်အခဲရှိသည့် သတင်းသမား ၆၀ ဝန်းကျင် စာအတွက်သာ လတ်တလောအကူအညီပေးနိုင်ကြောင်း သိရသည်။
IPCM ဥက္ကဋ္ဌက ဆက်လက်၍ “အခက်အခဲရှိတဲ့သတင်းသမားတွေအားလုံးအတွက်တော့ မလောက်ငှနိုင်တာ သိပါတယ်။ ရန်ပုံငွေလေးရှာလို့ရသလောက်တော့ အရင်သွားရမှာပေါ့။ IPCM အနေနဲ့ အများကြီးမဟုတ်တောင်မှ အစိတ်အပိုင်းတစ်ခုအဆင်ပြေအောင် ဆက်ကြိုးစားသွားမှာပါ။ ပြီးတော့ မီဒီယာကိုပံ့ပိုးတာမဟုတ်တဲ့ အစုအဖွဲ့ တွေအနေနဲ့လည်း ဒီအခြေအနေကိုသိရှိပြီး ကူညီပေးဖို့ တိုက်တွန်းချင်တယ်” ဟု ဖြည့်စွက်ပြောသည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ သတင်းဌာနများနှင့်သတင်းလုပ်ငန်းလုပ်ကိုင်နေကြသည့် သတင်းသ မားများအပေါ် စစ်တပ်က ပိတ်ပင်ဖမ်းဆီး၊ အရေးယူသတ်ဖြတ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အများစုမှာ အိမ်နီး ချင်းနိုင်ငံများနှင့်နယ်စပ်တွင် အခြေချနေထိုင် သတင်းလုပ်ကိုင်ကြရသလို ပြည်တွင်း လှုပ်ရှားသတင်းသမားများလည်း လုံခြုံရေးဦးစားပေး အခြေအနေဖြစ်လာသောကြောင့် အလုပ်မှရပ်ဆိုင်းလိုက်ရသည့် သတင်းသမားများစွာရှိနေသည်။
လက်ရှိလုပ်ငန်းဆောင်ရွက်နေကြသည့်သတင်းဌာနများမှာလည်း အမေရိကန်အစိုးရဘက်က ရပ်ဆိုင်းမှုတို့အကြား ရှေ့ဆက်လုပ်ငန်းလည်ပတ်ရေး စိန်ခေါ်မှုအမျိုးမျိုးရှိနေသည်ဟု သတင်းမီဒီယာအသိုင်းအဝိုင်းက သိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် IPCM အနေဖြင့် ပိတ်ပင်ခံနေရသည့် သတင်း မီဒီယာလွတ်လပ်ခွင့် ပြန်လည်ရရှိရေးဆောင်ရွက်ခြင်းအပြင် သတင်းသမားများအခွင့်အရေး တောင်းဆိုခြင်း၊ အကျဥ်းကျခံနေရသည့် သတင်းသမားများပြန်လည်လွတ်မြောက်ရေးအတွက် ရပ်တည်လှုပ်ရှားမှုများကိုလည်း ပြုလုပ်လျက်ရှိသည်။



















