Home သတင်း ရွေးကောက်ပွဲ ဟန့်တားနိုင်ရေးထက် တော်လှန်ရေးအင်အားစု၏ နိုင်ငံရေး၊ စစ်ရေးဟန်ချက်ညီမှုက အရေးကြီးကြောင်း BNI-MPM သုံးသပ်

ရွေးကောက်ပွဲ ဟန့်တားနိုင်ရေးထက် တော်လှန်ရေးအင်အားစု၏ နိုင်ငံရေး၊ စစ်ရေးဟန်ချက်ညီမှုက အရေးကြီးကြောင်း BNI-MPM သုံးသပ်

814
Photo: BNI-MPM

ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက ၂၀၂၅-၂၀၂၆ တွင် ကျင်းပနိုင်ဖွယ်ရာရှိသည့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအပေါ် စောင့်ကြည့်ဟန့်တားနိုင်ရေးထက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေး အင်အားစုများ၏ နိုင်ငံရေးနှင့်စစ်ရေး ဟန်ချက်ညီမှုက ပိုအရေးကြီးကြောင်း မြန်မာ့ငြိမ်းချမ်း ရေးလုပ်ငန်းစဥ်စောင့်ကြည့်ရေးအဖွဲ့ BNI-MPM က သုံးသပ်သည်။

နိုင်ငံတကာမြန်မာသတင်းအဖွဲ့-BNI ၏ MPM က ယနေ့ အွန်လိုင်းမှပြုလုပ်သည့် ၎င်းတို့၏ “ရွေးကောက်ပွဲအသစ် ဖြစ်တန်ချေနှင့် တော်လှန်ရေး၏လားရာ” အမည်ရှိ အထူးသုံးသပ်ချက် အစီရင်ခံစာမိတ်ဆက်ပွဲတွင် မီဒီယာများ၏မေးမြန်းချက်အပေါ် သုံးသပ်ဖြေကြားသွားခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်အရေးပေါ်ကာလကို တစ်ကြိမ်ပြီးတစ်ကြိမ် သက်တမ်းတိုး၍ နိုင်ငံရေးထွက်ပေါက်ရရန် ရွေးကောက်ပွဲလုပ်ဆောင်နိုင်ရေး ပြင်ဆင်နေသော စစ်ကောင်စီအနေဖြင့် ယခု ၂၀၂၅ ခုနှစ်တွင် ပဋိပက္ခများကြောင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ် ၁၀၀ ပင်မရှိတော့ကြောင်း BNI-MPM က အစီရင်ခံစာတွင် ဖော်ပြသည်။

BNI ၏ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက “၂၀၂၅ မှာရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဖြစ်နိုင်ချေနည်းတယ်ဆိုပေမယ့် ဖြစ်အောင်လုပ်ရင်တော့ရပါတယ်။ ဒါပေမဲ့ရွေး ကောက်ပွဲကိုဟန့်တားဖို့အရေးကြီးသလားဆိုတာလည်း စဥ်းစားဖို့လိုပါတယ်။ အဓိကကတော့ ကျမတို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကိုယ်သွားနေတဲ့လမ်းကြောင်းအတိုင်း နိုင်ငံရေးရပ် တည်ချက်တူညီစွာနဲ့စစ်ရေးနဲ့အတူ ဟန်ချက်ညီညီသွားနိုင်ဖို့က ပိုအရေးကြီးပါတယ်” ဟု မိတ်ဆက်ပွဲတွင် ပြောသည်။

ထို့အပြင် စစ်ကောင်စီအတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်မှုများရှိပြီး လက်ရှိမြို့နယ်ပေါင်း ၂၀၀ ကျော်တွင်လည်း ပဋိပက္ခများဖြစ်ပွားနေသောကြောင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်မဖြစ်နိုင်ကြောင်း BNI-MPM က အစီရင်ခံစာတွင် ဆိုသည်။

“စစ်မဖြစ်တဲ့နယ်မြေတွေမှာ ဘယ်လိုနားလည်မှုယူထားသလဲပေါ့။ စစ်တပ်က ရတဲ့နည်းနဲ့ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကိုအာဏာပေးလိုက်မယ်။ နိုင်ငံတကာက ထောက်ခံတာရှိမယ် မထောက်ခံတာရှိမယ်။ ရွေးကောက်ပွဲကတဖက်သတ်လုပ်တာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲအလွန်မှာ စစ်တိုက်တာကမထူးခြားဘူး၊ ကိုယ့်တော်လှန်ရေးပန်းတိုင်ကိုဆက်သွားရမှာပဲ အဲ့လိုမှမဟုတ်ရင် တခြားဘာနည်းလမ်းရှိမလဲ ဆက်ရှာရမယ့်အနေအထားတစ်ခုပေါ့” ဟု ဒေါ်တင်ညိုညိုက ပြောသည်။

Photo: BNI-MPM

အချို့သော စစ်ကောင်စီစိုးမိုးမှုအားကောင်းသည့်နယ်မြေများတွင် လှုပ်ရှားသည့် အချို့အင် အားစုများအနေဖြင့် ရွေးကောက်ပွဲ တားဆီးဟန့်တားရေး၊ ဆန့်ကျင်ရေး ကမ်ပိန်း အစီအစဥ်များပြုလုပ်ရာ၌လည်း ပြည်သူ့လုံခြုံရေးကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း BNI-MPM က မိတ်ဆက်ပွဲအတွင်း သတိပေးပြောကြားသွားသည်။

အဆိုပါအထူးသုံးသပ်ချက်အစီရင်ခံစာကို BNI-MPM မှမှတ်တမ်းပြုစုရသည့်ရည်ရွယ်ချက်မှာလည်း စစ်ကောင်စီက ဦးဆောင်မည့် ရွေးကောက်ပွဲဖြစ်ပေါ်လာနိုင်ချေကို ချည်းကပ်လေ့လာရန်ဖြစ်သလို ရွေးကောက်ပွဲ၏ဦးတည်ချက်ကို တင်ပြနိုင်ရန် ဖြစ်သည်ဟု အစီရင်ခံစာအရ သိရသည်။

၎င်းတွင် ရွေးကောက်ပွဲဖြစ်လာနိုင်ခြင်းရှိမရှိ၊ ရွေးကောက်ပွဲနယ်မြေ၊ တော်လှန်ရေး အင်အားစုများဘက်က သဘောထား၊ ပါဝင်ယှဥ်ပြိုင်ကြမည့်ပါတီများနှင့် နိုင်ငံတကာ၏သဘောထား၊ MPM ၏ သုံးသပ်ချက် စသည်တို့ပါ ထည့်သွင်းတင်ပြထားကြောင်း တွေ့ရသည်။

အစီရင်ခံစာ မိတ်ဆက်ခြင်းကို အွန်လိုင်းမှ အပိုင်း(၂)ပိုင်းဖြင့် ပြုလုပ်တင်ပြသွားခြင်းဖြစ်ပြီး BNI-MPM မှ တာဝန်ရှိသူများအပြင် သတင်းမီဒီယာများလည်း တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားမီဒီယာ ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် BNI ၏ ငြိမ်းချမ်းရေးပရိုဂရမ်တစ်ခုဖြစ်သည့် MPM ကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့ပြီး မြန်မာ့နိုင်ငံရေးအပြောင်းအလဲ၊ ပဋိပက္ခဖြစ်စဥ်များနှင့် ဆက်စပ်သည့် အထူးအစီရင်ခံစာများအား အလျဥ်းသင့်သလို ပြုစုထုတ်ဝေလျက်ရှိသည်။ ထို့အတူ မြန်မာ့ငြိမ်းချမ်းရေးအရွေ့နှင့်ပတ်သက်သည့် ရည်ညွှန်းအကိုးအကားစာအုပ်များကိုလည်း နှစ်အလိုက် ပြုလုပ်ထုတ်ဝေနိုင်ခဲ့သည်။