အောက်တိုဘာ ၁၉၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့၊ အမှတ် ၅ ရက်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအတွင်း ရှိနေသည့် ရာအိမ်မှူးဖြစ်သူကို အောက်တိုဘာ ၁၈ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် သေနပ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြဝတီမြို့ခံများက ပြောသည်။
အဆိုပါ ဖြစ်စဉ်သည် အုပ်ချုပ်ရေးမှူး ရုံးအတွင်း ရာအိမ်မှူးများဖြစ်ကြသည် ဦးဝင်းကိုနှင့် ဦးမြင့်စိုးတို့ ရန်ဖြစ်ပြီး နောက် ပစ်ခတ်မှုဖြစ်ပွားကာ ရာအိမ်မှူး ဦးမြင့်စိုး သေဆုံးသွားခြင်း ဖြစ်သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။
“သူ့ကိုဝင်ပစ်သွားတာပါ၊ သူကရပ်ကွက်မှာဘယ်သူအုပ်ကြီး တက်တက်၊ အဲ့ဒီ့မြင့်စိုးကို စိုးငယ်လို့လည်းခေါ်တယ်၊ သူကရာအိမ်မှုး ရာထူးနဲ့ ခေတ်အဆက်ဆက်လုပ်စား နေတဲ့သူပေါ့” ဟု အခြေအနေကိုသိရှိထားသူ မြဝတီမြို့ခံ သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဖြစ်စဉ် အပေါ် စစ်ကောင်စီထောက်ခံသူများက သေနပ်ကျည်ရှင်းစဉ် မတော်တဆဖြစ်ပြီး သေဆုံးသွား သည်ဟု ပြောဆိုနေပြီး မြဝတီရဲ စခန်းတွင် သေနပ်မတော်တဆဖြစ်မှုအဖြစ် သတင်းပို့တိုင်ကြားထား သည်ဟု သိရသည်။

ဖြစ်စဉ်အပေါ် သေဆုံးသွားသူ ရရှိသည့် ဒဏ်ရာသည် ဦးခေါင်းနာထင်တွင် ဖြစ်သည့်အတွက် သေနပ်ကျည်ရှင်းစဉ် မတော်တဆမှုဖြစ်သည်ဟု မဆိုနိုင်ကြောင်း မြို့ခံများကပြောဆိုနေသလို အချို့က မတော်တဆမှုဖြစ်သည်ဟု ပြောဆိုခြင်းများလည်း ရှိကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုတွင် ရာအိမ်မှူးဦးဝင်းကို တွင်လည်း သေနပ်မှန် ဒဏ်ရာရရှိထားသည်ဟုသိရပြီး ဒဏ်ရာရသူ နှင့် သေဆုံးသူတို့ကို မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ထားပြီးစစ်ကောင်စီက မည်သို့ အရေးယူဆောင်ရွက်မည်ကို မသိရ သေးကြောင်း ရပ်ကွက်ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပြောဆိုချက်အရ သိရသည်။
ယခု လတ်တလောတွင် မြဝတီ မြို့ပေါ် ရပ်ကွက် နှင့်ကျေးရွာ များမှစစ်တပ်ထောက်ခံသူ ရာအိမ်မှူး ဆယ်အိမ်မှူး နှင့် ပျူစောထီးတပ်ဖွဲ့၊ ပြည်သူစစ်တပ်ဖွဲ့၊ မဘသအဖွဲ့များအား ခလရ -၂၇၅ တပ်၌ စစ်သင်တန်းပေးနေပြီး သင်တန်း ပြီးဆုံးပါက စစ်ကောင်စီက လက်နက်တပ်ဆင်ပြီး ရပ်ရွာလုံခြုံရေးတပ်ဖွဲ့အဖြစ် တာဝန်ပေးမည်ဟု မြဝတီမြို့ခံများက ပြောဆိုသည်။



















