အောက်တိုဘာ ၁၉၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၆)အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းနှင့် မြောက်ကြာအင်းကျေးရွာသို့ ယမန်နေ့ အောက်တိုဘာ ၁၈ ရက်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံအဘိုးအို ၁ ဦး သေဆုံးခဲ့ရပြီး အခြားဒေသခံ ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကို စစ်ကောင်စီ စကခ-၁၂ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ-၂၃၁) ၏ တပ်သစ်အမြောက်ကုန်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုလို တောင်နှင့််မြောက်ကြာအင်း ကျေးရွာသို့ နေ့လည် ၁၂ နာရီခန့်တွင် လက်နက် ကြီး ၆ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ယခုလို လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ကြာအင်းကျေးရွာနေ အသက်(၇၁)နှစ်အရွယ် အဖိုးအိုကို ထိမှန်ပြီး ခန္ဓာကိုယ် ပြတ်ရှ ဒဏ်ရာများစွာ ရရှိပြီး သေဆုံးသွားသလို တောင်ကြာအင်းကျေးရွာနေ အသက် (၇၀) နှစ်အရွယ် အခြား အဖိုးအို တစ်ဦးကိုလည်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု တောင်ကြာအင်း ရွာခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
“တိုက်ပွဲမဖြစ်ဘဲနဲ့ပစ်တာ ကျမအိမ်နောက်တင် လက်နက်ကြီး ၁ လုံးလာကျတယ်။ ရွာထဲမှာလည်း ထပ်ကျတာ တွေရှိတယ်။ အဖိုးတစ်ယောက်ကတော့ ခြေထောက်ပဲထိတာ ဒဏ်ရာသိပ်မပြင်းလို့ ဆေးခန်းတောင်မရောက်ဘူး။ မြောက်ကြာအင်းက အဖိုးကတော့ ခန္ဓာကိုယ်ထက်ပိုင်းပြတ် ဒဏ်ရာနဲ့ပွဲချင်းပြီးဆုံးတယ်” ဟု ၎င်းရွာခံအမျိုးသမီး က ကေအိုင်စီသို့ အောက်တိုဘာ ၁၉ ရက်နေ့တွင် ပြောသည်။
စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် တောင်ကြာအင်းကျေးရွာသို့ ၃ လုံး၊ မြောက်ကြာအင်း ကျေးရွာ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒေသခံများ ထိခိုက်သေဆုံးခဲ့သည့် အပြင် ဒေသခံပိုင် နေအိမ်အချို့နှင့် သီးပင်စားပင်များ ကျည်စထိမှန်ပျက်စီးမှုရှိခဲ့သည်ဟု ရွာခံတို့၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က စစ်ကောင်စီတပ်စွဲထားသည့် တောင်ကြာအင်းကျေးရွာ ရဲစခန်းနှင့် အထက်တန်း စာသင် ကျောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ တိုက်ခိုက်ပြီး နယ်မြေ ရှင်းလင်းရေး ပြုလုပ်ခဲ့ပြီးနောက် အနီးရှိ စစ်ကောင်စီတပ်စခန်းက ရွာအတွင်းသို့ တိုက်ပွဲမရှိသော်လည်း လက်နက်ကြီးပစ်ခတ်မှု မကြာခဏ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ဒေသခံအများစု နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရသလို ယမန်နေ့က လူသေဆုံးထိခိုက်မှုကြောင့် ရွာအတွင်း စိုးတထိတ်ထိတ်ဖြင့် ပြန်လာနေသူ ဒေသခံအချို့ ထပ်မံတိမ်းရှောင်နေကြသည်ဟု ရွာခံများကဆိုသည်။
လက်နက်ကြီးကြောင့် ဒေသခံများဘဝရပ်တည်ရေး မလုံခြုံဖြစ်ပေါ်နေသည့်အပြင် ပဋိပက္ခဖြစ်စဥ်များအတွင်း စာသင်ကျောင်းမီးလောင်ပျက်စီးခဲ့ရသဖြင့် ကျောင်းနေအရွယ် ရွာခံကလေးငယ်များ ပညာရေးအဟန့်အတား ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။
လတ်တလောတွင်လည်း စကခ (၁၂) တပ်နှင့် ကျုံဒိုးအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျုံဒိုး၊ ကော့ကရိတ် ဘက်သို့ ကင်းထောက်ဒရုန်းများဖြင့် ပျံဝဲစုံစမ်းမှုပြုလုပ်နေပြီး လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏဆိုသလို လုပ်ဆောင်လျက်ရှိသည်။



















