Home သတင်း နယ်စပ်ဖြတ်ကျော်ရန် လုပ်ရသည့် UID ကဒ် တိုကင်နံပါတ် ထုတ်ပေးရေးအစီအစဉ် ယာယီရပ်ဆိုင်းထား

နယ်စပ်ဖြတ်ကျော်ရန် လုပ်ရသည့် UID ကဒ် တိုကင်နံပါတ် ထုတ်ပေးရေးအစီအစဉ် ယာယီရပ်ဆိုင်းထား

987

မေလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဖြတ်သန်းသွားလာခွင့်ရရှိရန် လုပ်ရသည့် UID ဒီဂျစ်တယ်မှတ်ပုံတင်စမတ်ကဒ်ပြုလုပ်ရာတွင် ကနဦး ထုတ်ပေးသော တိုကင်နံပါတ်အား မေလ ၈ ရက်နေ့မှစတင်ကာ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

နေ့စဉ်လူဦးရေ ရာနှင့်ချီပြုလုပ်နေသည့် အဆိုပါ UID ကဒ်ထုတ်ပေးရာ မြို့နယ်ဦးစီးမှူးရုံးကို ထောက်လှမ်းရေးရုံး က ဝင်ရောက်စစ်ဆေးရာတွင် ငွေကြေးလာဘ်စားထားသော အချက်အလက်များ တွေ့ရှိခြင်းနှင့် စမတ်ကဒ် ထုတ်ပေးနေသည့် စက်ပြတ်တောက်သွားခြင်းများကြောင့် UID တုံကင်နံပါတ်များကို ဆက်လက်မထုတ်ပေး တော့ဘဲ ရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု ကဒ်ထုတ်ပေးသည့် ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “တစ်ရက်ကို လူကနေ့တိုင်း ရာချီပြည့်နေတော့ စက်ပြဿနာနဲ့ လူအရေအတွက်က များတယ်။ တစ်မ နက်လုံးမှ ၁၁ ယောက်ပဲပြီးတယ်။ နေ့ခင်းကျတော့ မြန်မာထောက်လှမ်းရေးတွေ သူတို့ လဝက ရုံးကို ဝင်စစ်တာ လာဘ်စားမှုတွေရှိလို့ ပြောတယ်။ လူတွေကတော့ သွားနေကြတာပဲ ရလား မရလားတော့မသိဘူး။ တုံကင် မရတဲ့သူတွေကျတော့ တံတားအောက်က ပြန်ကူးကြပေါ့။ ပွဲစားကတွေကလည်း စျေးတဖြည်းဖြည်း တက် လာတော့ ဘာတွေဆက်ဖြစ်လာမလဲ မသိတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို UID ကဒ်ပြုလုပ်ရာတွင် လူဦးရေများ လွန်၍ အမြန်ရယူလိုသူများအနေဖြင့် ဌာနဆိုင်ရာနှင့် နီးစပ် သည့် ပွဲစားဆိုသူများကို ကျပ် ၅ သောင်းပေးလျှင် တန်းစီရန် မလိုအပ်ဘဲ တုံကင်နံပါတ်ရှေ့ဆုံးကနေသွားရောက် ပြုလုပ်၍ ရနေကြောင်း UID ကဒ်သွားရောက် ပြုလုပ်သူထံမှသိရသည်။

ထို့အပြင် စမတ်ကဒ်ရရှိရန် ပွဲစားများဖြင့် လာဘ်ထိုးလုပ်ဆောင်သည့် အကျင့်ပျက်လုပ်ဆောင်ချက်များ ကြောင့် ငွေကြေးတတ်နိုင်သူများအနေဖြင့် အဆင်ပြေချောမွေ့ကြသော်လည်း အခြေခံ နေ့စား အလုပ်သမား များအတွက် စားဝတ်နေရေးနှင့် လုပ်ကိုင်ရေးအတွက် ခက်ခဲမှုများ ရှိလာကြောင်း မြဝတီမြို့ခံများက ပြောဆို သည်။

မြဝတီမြို့သားများစုံဆည်းရာနှင့် အလုပ်အကိုင်ရှာဖွေရေး စသည့် ဆိုရှယ်လူမှုစာမျက်နှာ Group များ ၌ စမတ် ကဒ်ပြုလုပ်လိုပါက ထိုင်ဘတ်ငွေ ၅၅၀၊ ကျပ်ငွေ ၆သောင်းအထိပေးပြီး တုံကင်နံပါတ်များရယူကာ ပြုလုပ်၍ ရနေ ကြောင်းလည်း လူမှုကွန်ရက်အွန်လိုင်းပလက်ဖောင်းပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

အဆိုပါ UID ကဒ် တုံကင်နံပါတ်ထုတ်ပေးသည့်အစီအစဉ်ကို လာမည့် မေလ ၁၃ ရက်နေ့တွင် ပြန်လည်ဖွင့် ပေးမည်ဟုရုံးဝန်ထမ်းနှင့်နီးစပ်သူများက ပြောဆိုလျက်ရှိသည်။ စမတ်ကဒ်ကို မိမိကိုယ်တိုင်သွားရောက် ပြုလုပ်ပါက ပြုလုပ်ပေးသည့် တာဝန်ရှိသူများက ရက်ချိန်းပြန်ပေးကာ တန်းစီစောင့်ခိုင်းထားပြီး ပွဲစားနှင့်လုပ်ကိုင်သူများမှာ တစ်ရက်အတွင်း ကဒ်ရရှိသည်ဟု ထိုင်းဘက်ခြမ်းသွားရောက် ပြုလုပ်သူများက ပြောသည်။

မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ် ဖြတ်သန်းခွင့်ကို Unique Identification Number-UID ကုဒ်နံပါတ် ၁၀ လုံးပါ (ဒီဂျစ်တယ် မှတ်ပုံတင် စမတ်ကဒ်) လက်မှတ်ထုတ်ပေးသည့်စနစ်အား ယခုလ မေလ ၁ ရက်နေ့တွင် စစ်ကောင်စီက စတင်ကျင့်သုံးလာခဲ့ခြင်းဖြစ်သည်။