Home ဆောင်းပါး မဲဆမိတ်ဆန္ဒနဲ့ တစ်ပြည်လုံးလက်တွေ့ ဆက်စပ်ကြည့်ကြပါ

မဲဆမိတ်ဆန္ဒနဲ့ တစ်ပြည်လုံးလက်တွေ့ ဆက်စပ်ကြည့်ကြပါ

1021
Photo: (Credit to Original Uploader)

မဲဆမိတ်ဆန္ဒနဲ့ တစ်ပြည်လုံးလက်တွေ့ ဆက်စပ်ကြည့်ကြပါ

မောင်ကျော်စွာ

(၂၀၂၄ ခုနှစ်၊ မေလ ၁၁ရက်)

စာဖတ်သူတွေ အားလုံး မဟုတ်တောင်မှ အတော်များများက ဒီအချက်တွေကို သတိပြုမိနေကြပါ တယ်။
ပထမအချက်က (စကစ)စစ်အုပ်စုက တိုင်းရင်းသားလက်နက်ကိုင်အင်အားစု အဖွဲ့အစည်းများ (EAOs)ရဲ့ ဌာနချုပ်များကို ဦးတည်ပြီး တိုက်ခိုက်တာ မရှိသေးတာ၊ ဒုတိယအချက်က မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနဲ့မဆို (CRPH/NUG/PDF မှ လွဲ၍) စေ့စပ်ဆွေးနွေးဖို့ တံခါးဖွင့်ထားတာ၊ တတိယ အချက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်လာတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သတင်းဖော်ပြရမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ် မဖော်ပြ ဘဲ အကြမ်းဖက်မှုကို လိုလားသူတစ်စုက တစ်ဖွဲ့ စသဖြင့် ဖော်ပြလေ့ရှိတယ်ဆိုတဲ့ အချက်တွေပါပဲ။

တတိယအချက်ကို ပေါ်လွင်အောင်သာဓက တစ်ခု နှစ်ခုလောက် ပြရမယ်ဆိုရင် –
[ကရင်ပြည်နယ်ဘက်မှာ ပေါ်ပေါက်လာတတ်တဲ့ ဖြစ်ရပ်တွေမှာဆိုရင် “KNLA အဖွဲ့မှ အကြမ်းဖက်မှု ကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက” ဟူ၍လည်းကောင်း၊ “KKO (ခွဲထွက်) ကျော်သက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက” ဟူ၍လည်းကောင်း၊ “KNU အဖွဲ့မှ အကြမ်း ဖက်မှုကို လိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့) နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ” ဟူ၍ လည်းကောင်း၊ ရခိုင်ပြည်နယ်ဘက်မှာတော့ “AA အကြမ်းဖက်သောင်းကျန်းသူများ” ဟူ၍လည်းကောင်း စသဖြင့် ဖော်ပြပါတယ်]
ဒါ့အပြင် အခြားထူးဆန်းမှု ၃ခု ရှိပါသေးတယ်။

ပထမတစ်ခုတော့ “YMBA နဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အပါအဝင် အသင်းအဖွဲ့ ၂၀ ကျော်တို့က လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ဖျတ်ခနဲ အစီအရီ မီးလင်းလာသလိုပဲ “သက်ဆိုင်ရာ အသင်းအဖွဲ့တွေရဲ့ ကြေညာချက်တွေ”ဟာ တစ်လေသံထဲ၊ တစ်ချိန်ထဲ တစ်ပြိုင်နက်ထဲ သတင်းစာတွေမှာ ဖော်ပြတတ်တဲ့ အချက်ပါပဲ။ ပူပူနွေးနွေး လက်တွေ့သာဓက အဖြစ် (၁၀-၅-၂၀၂၄)ရက်နေ့ သတင်းစာတွေမှာ ဖော်ပြထားတဲ့ (မြင်းခြံနယ်ထဲက ဆုံရွာကျေးရွာတိုက်ခိုက်မှု နဲ့ ပတ်သက်တဲ့) ကိစ္စမှာပဲ ကြည့်ပေါ့။

ဒုတိယတစ်ခုကတော့ “မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်” ဆိုတာပါပဲ။ သူက ဘယ်အချိန်မှာ ပေါ်လာတတ်သလဲဆိုတော့ ရာဇဝတ်ပြစ်မှုအမျိုးမျိုးနဲ့ ထောင်ချခံထားရတဲ့ ပြည်တွင်းအကျဉ်းသားတွေနဲ့ နိုင်ငံခြားသားအကျဉ်းသားတွေကို (မြန်မာနှစ်ဆန်းတစ်ရက်လိုနေ့ရက်တွေမှာ) အုံနဲ့ကျင်းနဲ့ လွှတ်ပေးတဲ့အခါမျိုးမှာ ပေါ်လာတတ်ပြီး အခြားပြည်တွင်းပြည်ပမှာ ရှောင်တခင် ပေါ်ပေါက်ဖြစ် ပွားတတ်တဲ့ “စစ်မက်တိုက်ခိုက်မှုတွေ – ရေကြီး – မီးလောင် – ငလျင် – မုန်တိုင်း – ကပ်ရောဂါ” စတဲ့ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုတွေနဲ့ ပတ်သက်လို့တော့ မျက်မမြင်၊ နားမကြား တုံဏှိဘာဝေ လုပ်နေတတ်ပါ တယ်။

တတိယတစ်ခုကတော့ အခုနောက်ပိုင်းများ အတွေ့ရများလာတဲ့ ဖြစ်စဉ်တစ်ခုကတော့ ရခိုင်ပြည် နယ်မှာ “ဘင်္ဂါလီ (ရိုဟင်ဂျာ)တွေရဲ့ ဆန္ဒဖော်ထုတ်မှု” ဆိုတာပါပဲ။ လတ်တလောဆိုရင် မေလ ၄ရက်နေ့က ဘူးသီးတောင်မြို့ပေါ်မှာ AA ဆန့်ကျင်ရေးဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်ဆန္ဒပြခိုင်းတဲ့ ကိစ္စပါပဲ။ ဒီလိုမျိုး လုပ်ရပ်တွေကို ဧပြီလထဲမှာ ၂ကြိမ် (၁၄ ဧပြီ နဲ့ ၂၀ရက် ဧပြီမှာပါ) သတိပြုမိပါတယ်။ ဒါ့အပြင် သင်္ကန်းဝတ် တချို့နဲ့ဆန္ဒပြတာမျိုးတွေကိုလည်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ လားရှိုး စတဲ့ အကြောင်းအရာနဲ့ အနေ အထားကိုလိုက်ပြီး ဆန္ဒပြပွဲတွေ လုပ်ကြံဖန်တီးလေ့ရှိတာကို သတိပြုမိပါတယ်။

ဒီလုပ်ရပ် ဒီဖြစ်ရပ်တွေကိုကြည့်ရင် ဖုံးဖိမရအောင် အတိုင်းသား အထင်းသားပေါ်လွင်နေတဲ့ အချက် က ဒီလိုလုပ်ရပ်တွေကို (စကစ)စစ်အုပ်စုရဲ့ ထောက်လှမ်းရေးလို၊ စိတ်ဓာတ်စစ်ဆင်ရေးလို ဌာနတစ်ခုခုက သူတို့ လိုရင်လိုသလို အမိန့်ပေး ကွပ်ကဲ စီမံလုပ်ကြံ ဖန်တီးနေတာဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။ ဘာသာရေး အသင်းအဖွဲ့တွေ တချို့သော အသင်းအဖွဲ့တွေဆိုတာ သူတို့ အနေအထားနဲ့သူတို့ သူတို့သဘောနဲ့ သူတို့သာ ဆိုရင် ဒီလို ကြေညာချက်ထုတ်ကြမယ် မထင်ပါဘူး။ (စကစ)စစ်အုပ်စုရဲ့ အဖျက်အမှောက်လုပ်ရပ် ဖန်တီး စီမံရေးဌာနတစ်ခုခုက အကျပ်ကိုင် ချုပ်ကိုင် အမိန့်ပေးစေခိုင်းနေလို့သာ မတတ်သာဘဲ နီးရာဓား ကြောက်လို့ လုပ်ကြရပုံပေါ်ပါတယ်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)လို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်(MNHRC)တို့လို (စကစ)စစ်အုပ်စုရဲ့ ရုပ်သေးအဖွဲ့အစည်း / ခါးပိုက်ဆောင်အဖွဲ့အစည်းတွေက တော့ သူတို့အထက်က အမိန့်ပေးညွှန်ကြားချက်အရ လုပ်ကြတာပါ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နယ်ဘက် က ဘင်္ဂါလီ(ရိုဟင်ဂျာ) တွေကတော့ တကယ့်ကို ဓါးလွတ်နှစ်လက်အကြား အကျဉ်းအကြပ်ထဲ ရောက်နေပုံ ပေါ်ပါတယ်။ ဒီလုပ်ရပ်တွေက ရခိုင်ပြည်နယ်မှာ (စကစ)စစ်အုပ်စုအနေနဲ့ ဘာသာရေးလူမျိုးရေး အကြမ်း ဖက်သတ်ဖြတ်မှုကြီးတွေ မပေါ် ပေါ်လာအောင် တမင်ဖန်တီးလုပ်ဆောင်နေတာ ထင်ရှားပါတယ်။

အခုနောက်ဆုံးပေါ်တစ်ခုကတော့ “ဧပြီလ ၇ရက်နေ့က လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျေးရွာတွင် ပြု လုပ်ခဲ့သည့် ကရင်ဘာသာရေးခေါင်းဆောင်များနှင့် လူထုတွေ့ဆုံပွဲအပြီး ဆန္ဒသဘောထားထုတ်ပြန်ချက်” ဆိုတာပါပဲ။ အဲဒီ “မဲဆမိတ်ရွာ ကြေညာချက်”ထဲမှာ အချက် ၄ချက် ဖော်ပြထားပြီး လိုရင်းသဘောထားက တော့ “ကရင်ပြည်နယ်အတွင်းမှာ စစ်ပွဲတွေ မတိုက်ကြ၊ မခိုက်ကြဖို့နဲ့ (KNU)ကရင်အမျိုးသားအစည်းအရုံး အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့” ဆိုတဲ့ ဆွဲဆောင်တဲ့သဘော ဖိအားတွန်းအား ပေးတဲ့ သဘောပါပဲ။

ဒီလိုလုပ်ရပ်တွေ လှုပ်ရှားမှုတွေ ဖိအားတွန်းအား ဆွဲဆောင်အားတွေကို မဲဆမိတ်ရွာ၊ လှိုင်းဘွဲ့မြို့ နယ်၊ ကရင်ပြည်နယ် စသဖြင့် “ကွက်ပြီး” သီးသန့် ကြည့်မြင်သုံးသပ် ဖြေရှင်းလို့မဖြစ်ပါဘူး။

ဆောင်းပါးရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ လက်တွေ့သာဓတွေ လတ်တလော ဖြစ်ရပ်တွေနဲ့ မပျက်မကွက် ဆက်စပ် ကြည့်မြင် သုံးသပ်ဖို့ လိုအပ်ပါတယ်။ အဝေးအနီးသမိုင်းကို ပြန်ကြည့်ရင်လည်း ဥက္ကဋ္ဌစောဘဦးကြီး တို့ခေတ်ကာလကတည်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့အဖြေရှာဖို့ ကြိုးပမ်းခဲ့ကြတာပါပဲ။ ဒါပေ မယ့် ထိုစဉ်က (ဖဆပလ) အုပ်စိုးသူတွေက လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်ခဲ့တာပဲ မဟုတ်ပါလား။ ကော်က ဆာစောဟန်တာသာမွှေးနဲ့ သူ့ရဲ့(KRC)ဟာ ဗိုလ်နေဝင်း စစ်အုပ်စုရဲ့ ဖြားယောင်းလှည့်စားမှု နွံအိုင်ထဲမှာ ဘယ်လိုဇာတ်သိမ်းသွားခဲ့သလဲ။ ဘာသာရေးရန်တိုက်သွေးခွဲမှုကြောင့် မာနယ်ပလောဌာနချုပ် ရန်သူ့လက် ထဲကျသွားရတယ် မဟုတ်ပါလား။ ဒါဟာ ထင်သာမြင်သာတဲ့ သမိုင်းဖြတ်သန်းမှုထဲက သာဓကတချို့ပါ။ နာကျည်းခါးသီးဖွယ် သင်ခန်းစာတချို့ပါ။

ကရင်ပြည်နယ်မှာ ပြေလည်ရုံ၊ ကိုးကန့်မှာ ပြေလည်ရုံ၊ ရခိုင်ပြည်နယ်မှာ ပြေလည်ရုံနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အေးအေးချမ်းချမ်း ဦးတည်နိုင်မှာ မဟုတ်သေးပါဘူး။ “စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံ ဥပဒေကို အကုန်အစင် ဖျက် သိမ်းပစ်နိုင်” ဖို့ မလွဲမသွေ လိုအပ်ပါတယ်။

ဆဲဗင်းဇူလိုင်ကစလို့ ၁၉၈၈ ခုနှစ် ၈၈ အရေးတော်ပုံကြီးအလယ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာ သိမ်းပွဲနောက် ပေါ်ပေါက်လာတဲ့ (၂၀၂၁ ခုနှစ်) ပြည်သူ့အုံကြွမှုကြီးအဆုံး ပြည်သူတွေဟာ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။ “မဲစာရင်း မှားယွင်းမှုပြဿနာ” ဆိုတာ ရွေးကောက်ပွဲရှိတဲ့ တိုင်းပြည်တိုင်းမှာ ကြုံရလေ့ရှိတဲ့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတွေပါ။ အရေအတွက်များပြားတာ အရေအတွက်နည်းပါးတာတော့ ကွာချင် ကွာပါလိမ့်မယ်။ သို့သော်လည်း ဒီလိုပြဿနာတွေကို ရွေးကောက်ပွဲ ကော်မရှင်လို အဖွဲ့အစည်းတွေက သူတို့ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဖြေရှင်းလို့ရနိုင်ပါတယ်။ အခုတော့ ဒီလိုမလုပ်ဘဲ ဗိုလ်မင်းအောင်လှိုင် စစ်အုပ်စုက အာဏာသိမ်းပိုက်နိုင်ဖို့အတွက် တမင်တကာ လုပ်ကြံစွပ်စွဲပြီး အကြောင်းပြ ချက်ဖန်တီးတယ်ဆိုတာ ပြည်တွင်းပြည်က ကောင်းစွာ သိနားလည်ကြပါတယ်။

ဒီတော့ ဒီလိုသမိုင်းနဲ့ လက်တွေ့သာဓကတွေအပေါ်ကနေ ကောက်ချက်ချရရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းလိုဘဲ စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး အာဏာသိမ်းပိုက်တဲ့နည်း အကြမ်းဖက်တဲ့နည်းနဲ့ အကြိမ်ကြိမ်အခါခါ ဖြေရှင်းနေတာဟာ ၁၉၄၈-၄၉ခုနှစ်ကနေ ဒီနေ့မျက်မှောက်ကာလ အထိ အုပ်စိုးသူအဆက်ဆက်ရဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်နေတာဆိုတာကို အထင်အရှားတွေ့နိုင်ပါ တယ်။ ဘယ်သူမဆို ဒီအချက်ကို မြင်အောင်ကြည့်နိုင်ဖို့၊ ကြည့်ရဲဖို့ လိုအပ်ပါတယ်။ မမြင်ချင်ဟန်ဆောင်နေ လို့ မဖြစ်ပါဘူး။ အတ္တနဲ့ ကိုယ်ကျိုးစီးပွားတွေကို ဖယ်ပြီးကြည့်ကြပါ။

ကျနော်တို့ဟာ “ပြည်သူ့ဆန္ဒ / ပြည်သူ့သဘောထား” ဆိုတာကို အစဉ်သဖြင့် အလေးထား လေးစား ကြရမှာပါ။ အခြားတစ်ဖက်ကနေလည်း ဒီလို “ပြည်သူ့ဆန္ဒ / ပြည်သူ့သဘောထား” နည်းမှန်လမ်းမှန် သွေးရိုးသားရိုးဟုတ်ရဲ့လား။ အတင်းအကြပ် ဖိအား၊ တွန်းအား၊ ဆွဲအားပရိယာယ်တွေကြောင့် ပေါ်လာရတာ မျိုးလား။ သို့တည်းမဟုတ် ဒီယုန်မြင်ပြီး ဒီခြုံထွင်ဖို့လုပ်တဲ့ (ပြည်သူတွေက နိုင်ငံရေးနည်းနဲ့ဖြေရှင်းပါဆိုလို့ ပြည်သူ့ဆန္ဒကိုလေးစားလို့ဆိုတဲ့ ပြည်သူကို ဓားစားခံလုပ်နည်းမျိုးလား) ပူးပေါင်းကြံစည်မှုတစ်မျိုးမျိုးရဲ့ အစ ပြုချက်လား စသဖြင့် သမိုင်းဖြတ်သန်းမှု အတွေ့အကြုံအရလည်းကောင်း၊ မျက်မှောက်ခေတ် လက်တွေ့ သာဓကတွေနဲ့သော်လည်းကောင်း ကိုယ်ကျိုးစီးပွားအတ္တကင်းစွာ၊ ဆန္ဒစွဲကင်းစွာ ဆန်းစစ်ကြည့်ရှုနိုင်ကြရမှာပါ။

သေချာတဲ့အချက်ကတော့ ပြည်တွင်းပြည်ပမှာ – စစ်ရေး/ နိုင်ငံရေးမှာ ဘက်စုံအကြပ်ရိုက်နေတဲ့ (စကစ)စစ်အုပ်စုကတော့ တော်လှန်ရေးအင်အားစုမှန်သမျှကို နည်းပေါင်းစုံသုံးပြီး မီးကုန်ယမ်းကုန် သပ်လျှို ဖြိုခွဲနေတယ်ဆိုတဲ့ အချက်ပါပဲ။

တစ်တိုင်းတစ်ပြည်လုံးက မဲဆန္ဒရှင်ပြည်သူတစ်ရပ်လုံးက အတားအဆီး၊ အညစ်အပတ်တွေကို ကျော် လွှားပြီး (၁၉၉၀ ပြည့်မှာတစ်ကြိမ်/ ၂၀၁၅ မှာတစ်ကြိမ်/ ၂၀၂၀ ပြည့်မှာတစ်ကြိမ်) ငြိမ်းချမ်းစွာ ဆန္ဒမဲပေးပြီး သူတို့ဆန္ဒနဲ့လိုလားချက်ကို အထင်အရှား ပြတ်သားစွာ ဖော်ပြခဲ့ကြတာပါပဲ။ ၂၀၁၅ ခုနှစ်မှာပဲ မတတ်သာလို့ လက်ခံအသိအမှတ်ပြုခဲ့ပေမယ့် ၁၉၉၀ ပြည့်နှစ်နဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ ပြည်သူတွေလက်နဲ့ရေးတဲ့ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့သဘောထားကို ခြေနဲ့ဖျက်ခဲ့တာ၊ လက်နက်နဲ့အကြမ်းဖက်ဖျက်ဆီးခဲ့တာ စစ်အုပ်စုအဆက် ဆက်ပဲ ဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ ဘယ်တော့မှ မမေ့ကြဖို့ လိုအပ်ပါကြောင်း သတိပေးတိုက်တွန်းလိုက် ပါတယ်။