Home သတင်း ဆုံးရှုံးခဲ့ရသည့် အလုပ်သမားရပိုင်ခွင့်များ ပြန်လည်ကုစားပေးနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း DYC ထုတ်ပြန်

ဆုံးရှုံးခဲ့ရသည့် အလုပ်သမားရပိုင်ခွင့်များ ပြန်လည်ကုစားပေးနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း DYC ထုတ်ပြန်

764

မေလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တော်လှန်ရေးကာလအလွန်တွင် တည်ဆဲအလုပ်သမားဥပဒေများအား နိုင်ငံတကာစံညွှန်းမီရန် ချိန်ညှိခြင်းနှင့် ဆုံးရှုံးခဲ့ရသည့်အလုပ်သမားရပိုင်ခွင့်များအတွက် ပြန်လည်ကုစားပေးနိုင်ရေး ကြိုးပမ်းအဖြေရှာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်လူငယ်ကောင်စီ-DYC က ယနေ့ မေလ(၁)ရက်နေ့ တွင် ထုတ်ပြန်ပြောဆိုသည်။

စစ်အာဏာသိမ်းထားသည့်ကာလအတွင်း ဆုံးရှုံးခဲ့ရသော အလုပ်သမားအခွင့်အရေးများ တော်လှန်ရေး ကာလ အလွန်တွင် ပြန်ကုစားနိုင်ရေးနှင့် အလုပ်သမားများ လိုအပ်သည့် ဥပဒေ၊ ရပိုင်ခွင့်များကို နိုင်ငံတကာဥပဒေ သတ်မှတ်ချက်နှင့်လျော်ညီစွာ ဆောင်ရွက်ရေးကြိုးပမ်းရန်ဟူ၍ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့သို့ ပေးပို့သည့် သဝဏ်လွှာအတွင်း DYC က ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

လုပ်ခလစာ၊ လုပ်ငန်းချိန်နှင့် အလုပ်အကိုင်ရှားပါးမှုများက လက်ရှိကာလ၏အလုပ်သမားများအတွက် ကြီးမား သောစိန်ခေါ်မှုဖြစ်နေပြီး ခေတ်အဆက်ဆက်သတ်မှတ်ထားသော အလုပ်ခွင်ဆိုင်ရာ စံချိန်စံနှုန်းများသည်လည်း နိုင်ငံတကာနှင့်ကွဲလွဲမှုရှိနေသဖြင့် ၎င်းတို့ကိုပြန်လည်စိစစ်ဆောင်ရွက်ရာတွင် DYC အနေဖြင့်လည်း ကြိုးပမ်းအဖြေရှာသွားမည်ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အလုပ်ခွင်က အလုပ်ခွင်မဆန်တာတွေ၊ လူမှုဖူလုံရေးကိစ္စတွေက နိုင်ငံမှာ တော်တော်အားနည်းနေတယ်။ တော်လှန်ရေးပြီးရင် အလုပ်သမားတွေရဲ့တာဝန်၊ ရပိုင်ခွင့်တွေကို နိုင်ငံတကာစံချိန်နဲ့ချိန်ညှိပြီးတော့ အသေး စိတ်စဥ်းစားမယ်။ အသက်အာမခံခွင့်နဲ့ပတ်သက်တဲ့ကိစ္စတွေကို ပြန်စိစစ်မယ်။ ပြည်တွင်း အလုပ်သမားတွေအတွက် စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာအဖွဲ့တွေနဲ့ ဘယ်လိုပူး ပေါင်းဆောင်ရွက်မလဲဆိုတဲ့နေရာမှာ DYC ကလည်း ကြိုးပမ်းဆောင်ရွက်အဖြေရှာသွားမှာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြသော CDM နိုင်ငံ့ဝန်ထမ်းများသည် လက်ရှိကာလတွင် စစ်တပ်၏အမျိုးမျိုးသော ဖိနှိပ်ခြိမ်းခြောက်မှုကိုခံနေရပြီး အလုပ်သမားအခွင့် အရေးများ ပျောက်ဆုံးခဲ့ရသလို ပြည်တွင်းရှိ စက်ရုံအလုပ်ရုံနှင့် ပုဂ္ဂလိကအလုပ်သမားများသည်လည်း အလုပ်ချိန်မမျှတမှု၊ ခေါင်းပုံဖြတ်ခံရမှုအကြား ကုန်ဈေးနှုန်းနှင့်လုပ်ခလစာ လွန်ဆွဲရခြင်းဖြင့် လူနေမှုဘဝကို ရုန်းကန်နေကြရသည်။

အရပ်သားအစိုးရလက်ထက်က အလုပ်သမား အခြေခံအခွင့်အရေးများ၊ လူမှုဖူလုံရေးနှင့် အကာအကွယ်ပေးရေး ဥပဒေအပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ သတ်မှတ်စည်းကမ်းများ အားကောင်းလာစေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း အာဏာသိမ်းမှုနောက်ပိုင်း လုပ်ငန်းခွင်နှင့် ပြင်ပလုံခြုံရေး ကင်းမဲ့မှုနှင့်အတူ အလုပ်လက်မဲ့ပြဿနာများနှင့် စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်လာရကြောင်း DYC ကလည်း သ ဝဏ်လွှာတွင် ဖော်ပြထားသည်။

သို့သော် စစ်အာဏာရှင်စနစ်ကို ဦးဆောင်၍ဆန့်ကျင်တော်လှန်ကြသည့် ပြည်သူ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အ လုပ်ရုံ နှင့် ဘဏ်ဝန်ထမ်းများ၏ လှုပ်ရှားမှုသည် နွေဦးတော်လှန်ရေး၏ တပ်ဦးလှုပ်ရှားမှုအနေဖြင့် စစ်အုပ်စု၏ မတရားအုပ်ချုပ်မှုကို လုံးဝလက်မခံသည့် သတင်းစကားနှင့် လှုပ်ရှားမှုများကို ပေးပို့သိမြင်နိုင်စေခဲ့သည်ဟု DYC က ဆိုသည်။

ထို့ကြောင့် ပြည်သူလူထုနှင့်တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိကံကြမ္မာ မိမိကိုယ်တိုင် ဖန်တီး တည်ဆောက်ရန် အလုပ်သမားအခွင့်အရေးဖန်တီးခြင်း အပါအဝင် အခွင့်အလမ်းနှင့် စွမ်းရည်မြှင့်တင်ရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဖော်ဆောင်ရေးတွင် DYC နှင့်အတူ ဆက်လက် လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းလည်း သဝဏ်လွှာအတွင်း ထည့်သွင်းရေးသားထားသည်။

၁၈၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံပါရီမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ်ညီလာခံတွင် အလုပ် သမားများအတွက် တစ်ရက်လျှင် အလုပ်ချိန် (၈)နာရီသတ်မှတ်ရန်တောင်းဆိုခဲ့သော‌ မေလ (၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အဖြစ် ဆုံးဖြတ်ခဲ့ကြရာ ကမ္ဘာ့နိုင်ငံများတွင် ယနေ့ထက်ထိတိုင် ပြုလုပ်ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။