Home သတင်း KNLA စစ်ဆေးဌာနနှင့် BPHWT တို့ ပူးပေါင်းပြုလုပ်သည့် ဆေးသင်တန်း ဘွဲ့ရကျောင်းသား စုစုပေါင်း (၁၂၀)ဦးအထိ ရှိလာ

KNLA စစ်ဆေးဌာနနှင့် BPHWT တို့ ပူးပေါင်းပြုလုပ်သည့် ဆေးသင်တန်း ဘွဲ့ရကျောင်းသား စုစုပေါင်း (၁၂၀)ဦးအထိ ရှိလာ

595

မေလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟို စစ်ဆေးဌာနနှင့် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့-BPHWT တို့ ပူးပေါင်းပြုလုပ်သော (Medic)ဆေးသင်တန်းဆင်း ဘွဲ့ရကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၂၀)ဦးအထိရှိလာကြောင်း KNU တပ်မဟာ(၇)နယ်မြေတွင် ယနေ့ ကျင်းပပြုလုပ်သည့် ဆေးသင်တန်းအပတ်စဥ်(၃) သင်တန်းဆင်းပွဲအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ကာလအတွင်း Medic သင်တန်းဆင်းပွဲ အပတ်စဥ်(၁)နှင့်(၂) ကိုကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ မေလ(၁)ရက်နေ့က အပတ်စဥ်(၃)သင်တန်းဆင်းပေးခဲ့ရာတွင် ကျောင်းသား၊ကျောင်းသူ (၄၀)ဦး ထပ်မံဘွဲ့ရရှိခဲ့သဖြင့် အပတ်စဥ်အားလုံးအတွက် ဘွဲ့ရကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးအထိ ရှိလာပြီဖြစ်သည်ဟု BPHWT ၏ ဒါရိုက်တာ စောဝင်းကျော်က ပြောသည်။

“အခုMedic သင်တန်းကတော့ ဆေးကုသနိုင်တဲ့အထိ မွေးထုတ်ပေးတာဖြစ်တယ်။ ဒီသင်တန်းတက်ဖို့အတွက် အနည်းဆုံး အခြေခံဆေးသင်တန်း (၆)လလည်း တတ်ထားပြီးသားဖြစ်ရမယ်။ လက်တွေ့လုပ်ငန်းခွင်ထဲမှာ တစ်နှစ် (သို့မဟုတ်) နှစ်နှစ် ရှိထားတဲ့သူလည်းဖြစ်ရမယ်။ ၂၀၂၂-၂၀၂၃ ထဲမှာ အပတ်စဥ်(၁)နဲ့(၂)ကိုလုပ်ခဲ့ပြီးတော့ တစ်ပတ်စဥ်ကိုသင်တန်းသား(၄၀)ဦးစီနဲ့ အခုနောက်ဆုံးအပတ်စဥ်အထိ စုစုပေါင်း သင်တန်းသား (၁၂၀)ဦးကို သင်တန်းဆင်းပေးခဲ့ပြီးပါပြီ” ဟု စောဝင်းကျော်က ယနေ့ အပတ်စဥ် (၃) သင်တန်းဆင်းပွဲတွင် ပြောသည်။

ထို့အပြင် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန်နှင့် ဖက်ဒရယ်ယူနစ်တည်ဆောက်ရာတွင် ကျန်းမာရေး ကဏ္ဍတိုးတက်မှုသည် အလွန်အရေးပါသည့်နေရာတွင်ရှိနေပြီး ကျန်းမာရေးနယ်ပယ်မှ အသိပညာရှင်၊ အတတ်ပညာရှင်လူငယ်များစွာ ပေါ်ထွန်းလာခြင်းဖြင့် ကရင်အမျိုးသားတို့၏အနာဂတ်တိုးတက်ရေး ပါဝင်တည်ဆောက်ကြရန် လိုအပ်ကြောင်း ကေအဲန်ယူပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောသည်။

၎င်းက “ဖက်ဒရယ်ယူနစ်ကို အောက်ခြေကနေ တည်ဆောက်သွားမယ်ဆိုရင် လူငယ်တွေပါဝင်ဖို့ လိုတယ်။ ဖယ်ဒရယ်ယူနစ်တည်ဆောက်ရာမှာ လူငယ်မောင်မယ်တွေက ကျန်းမာရေးအခန်းကဏ္ဍကနေ ပါဝင်ပြီးတစ်ဦးချင်းစီရဲ့ အတွေးအခေါ်တွေကိုပါ ထည့်သွင်းစဥ်းစားဖို့လည်း လိုတယ်။ ကျန်းမာရေးကဏ္ဍကနေ ဒီလိုအသိပညာ အတတ်ပညာရှင်တွေ များများပေါ်ထွက်လာပြီးတော့ ကျနော်တို့ရဲ့ အနာဂတ်အတွက်ပါဝင် တည်ဆောက်သွားဖို့ လိုအပ်ပါတယ်။ လူငယ်တွေကိုလည်း ဆက်လက်ပြီးဖိတ်ခေါ်ပါတယ်။” ဟု အခမ်းအနားတွင် ပြောသည်။

သင်တန်းကာလ (၁)နှစ်ကြာမြင့်သည့် အဆိုပါ Medic သင်တန်းတွင် ပထမ(၈)လအတွင်း သီအိုရီပိုင်း၊ ကျန်ရှိသည့် (၄)လအတွင်း လက်တွေ့ပိုင်းကို သင်ကြားပေးခြင်းဖြစ်သလို ကရင်လူမျိုးအပြင် ပလောင်၊ ချင်းနှင့် အခြား တိုင်းရင်းသားများလည်း ပါဝင်တက်ရောက်ကြကြောင်း BPHWT ၏ ပြောဆိုမှုအရ သိရသည်။

အပတ်စဥ်(၃)သင်တန်းဆင်းကျောင်းသူတစ်ဦးက “ကျမကတော့ သင်တန်းပြီးရင် ကိုယ်တာဝန်ကျတဲ့နေရာမှာ လူထုကို တတ်နိုင်သလောက်ဆေးကုသမှုပေးသွားမယ်။ ဆေးလောကမှာ ဒီပညာလောက်နဲ့ ပဲဆုံးသွားမှာမဟုတ်ဘူး။ သိရမယ့်ဟာတွေအများကြီးရှိသေးတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကိုစိတ်ပါဝင်စားစွာနဲ့လုပ်ပါ။ လူနာတွေကိုစေတနာနဲ့ကုသပေးပါ။ ကုသနေရင်းနဲ့ဆက်ပြီးလေ့လာပါ။လို့ သင်တန်းဆင်းလာတဲ့သူငယ်ချင်းတွေကိုလည်း တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

ယနေ့ကျင်းပပြုလုပ်သည့် အပတ်စဥ်(၃)သင်တန်းဆင်းပွဲကို ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေး၊ KNU ဗဟို တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး၊ KNLA ဗဟိုစစ်ဆေးဌာန၊ BPHWT နှင့် ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့-KNSO မှ တာဝန်ရှိသူများအပါအဝင် သင်တန်းဆင်း ကျောင်းသူ၊ကျောင်းသားများ၊ ဧည့်ပရိသတ်များ စုစုပေါင်း (၇၀) ဝန်းကျင် တက်ရောက်ခဲ့ကြသည်။