ဧပြီလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ထိန်းချုပ်နယ်မြေ၊ ဆီဆိုင်မြို့ရှိ လူနေအိမ်ခြံဝင်းများအတွင်း မပေါက်ကွဲသေးသော စစ်လက်နက် အကြွင်း အကျန်များကြောင့် ဒေသခံများအနေဖြင့် နေရပ်ပြန်နေထိုင်ရန် စိတ်ချရခြင်းမရှိသေးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းကစ၍ စစ်ကောင်စီနှင့် PNLO ပူးပေါင်းတပ်တို့ ဆီဆိုင်မြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားအပြီး PNLO ဘက်က မြို့ကိုထိန်းချုပ်လိုက်နိုင်သော်လည်း စစ်ကောင်စီက မြို့အတွင်းသို့ လေကြောင်းမှဗုံးကြဲချ၍လည်းကောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍လည်းကောင်း လုပ်ဆောင်ရာမှ မပေါက်ကွဲသေးသော လက်နက်အကြွင်းအကျန်များ ကျန်ရှိနေခြင်းဖြစ်သည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLO/ PNLA ဘက်က ပဋိပက္ခမပြီးဆုံးသေးသည့်အခြေအနေကြောင့် လုံခြုံရေးစိတ်မချရသဖြင့် ဒေသခံများ နေရပ်ပြန်မနေရန် သတိပေးတားမြစ်ထားသော်လည်း နေအိမ်ဖောက်ထွင်းခံရမှုများရှိနေသဖြင့် ဒေသအချို့ အိမ်ရှိပစ္စည်းပြန်သယ်ကြရာမှ စစ်လက်နက်အကြွင်းအကျန်များကို တွေ့ရှိရကြောင်း သိရသည်။
ဒေသခံအမျိုးသမီးတစ်ဦးက “လူတွေကတော့ အခုချိန်ထိ ပစ္စည်းသယ်ထုတ်နေကြတယ်။ နှစ်ဖက်အပစ်အခတ်မရှိသေးဘူး။ စစ်တပ်ကပြည်သူတွေ ပစ္စည်းပြန်သယ်ခွင့်တော့ပေးထားတယ်။ မြို့ထဲမှာရှိတဲ့ စစ်လက်နက်အကြွင်းအကျန်တွေကိုတော့ လိုက်ရှင်းပေးတဲ့သူမရှိသေးဘူး။” ဟု ပြောသည်။
လက်ရှိ ဆီဆိုင်တွင် စစ်ကောင်စီက (၇၀) ရာခိုင်နှုန်းခန့်ပြန်လည်ထိန်းချုပ်ထားနိုင်ပြီး PNLO/PNLA တပ်များ လည်း မြို့အတွင်းနေရာယူထားသဖြင့် အချိန်မရွေးတိုက်ပွဲပြန်စနိုင်သောကြောင့် နေရပ်ပြန်နေထိုင်ရန်မသင့်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ပထမဆုံးအိမ်ရောက်တော့ တံခါးတွေကပွင့်ကုန်ပြီ ပစ္စည်းလည်းသူတို့ကြိုက်တာယူပြီးပြီ သင်္ကြန်နောက်ပိုင်းပြန်စကြမယ်ထင်တာပဲ။ အဲဒါကြောင့် အိမ်ကိုသိမ်းစရာရှိတာသိမ်းပြီး ထားခဲ့လိုက်ရတယ်” ဟု နေအိမ်ပြန်ကြည့်သည့်နောက်ထပ် ဆီဆိုင်မြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ(၁)ရက်နေ့က မြို့တွင်းပြန်သူအမျိုးသားတစ်ဦး စစ်လက်နက်အကြွင်းအကျန် မိုင်းနင်းမိသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
PNLO သတင်းပြန်ကြားရေးဘက်ကလည်း စစ်ကြောင်းဝင်ရောက်မှုနှင့် မြို့အတွင်းပစ်ခတ်ဖျက်ဆီးမှုများ လုပ်ဆောင်နေသော စစ်ကောင်စီ၏ဒေသခံများအား ဖမ်းဆီးလူသားဒိုင်းလုပ်ခံရမည့်အရေးမှ ရှောင်ရှားနိုင်ရန် သတင်းအမှားဖြန့်ဝေမှုကို နားမယောင်ဘဲ စစ်ဖြစ်ပွားနေသည့်ဇုန်အတွင်း မဝင်ရောက်ကြရန်ကိုလည်း မတ်လ(၃၀)ရက်နေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။



















