ဧပြီလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန-MOD လက်အောက်ရှိ ဒရုန်းအဖွဲ့များက ဗုံးတပ်ဆင်ထားသောဒရုန်းများဖြင့် ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ကြဲချတိုက်ခိုက်ခဲ့ကြောင်း NUG-MOD ဘက်က အတည်ပြုထုတ်ပြန်သည်။
တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲထိခိုက်မှုအသေးစိတ်ကို မသိရှိရသေးသော်လည်း MOD လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အထူးတပ်ဖွဲ့များ၊ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့မှ Kloud Drone တပ်ခွဲ၊ Lethal props တပ်ခွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း NUG ၏ အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
PDF သတင်းများကိုတင်ဆက်ပေးနေသော PDF(Insight) ကလည်း ကာမီကာဇေဒရုန်း(၂၉)စီးဖြင့် နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသလို ဖြစ်စဥ်ပြီးနောက် စစ်ကောင်စီဘက်က မိုင်းရှင်းလင်းရေးလုပ်ဆောင်နေချိန်အတွင်း လေဆိပ်ကိုယာယီပိတ်ထားလိုက်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

MOD နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ပြောဆိုမှုအရ နေပြည်တော်ရှိစစ်ကောင်စီရုံးလေဆိပ် တိုက်ခိုက်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း စစ်ကောင်စီ၏ဝါဒဖြန့်မီဒီယာများဘက်ကမူ ၎င်းနေရာများကို တိုက်ခိုက်ဖို့ရန်မလွယ်ကူကြောင်းနှင့် NUG က သတင်းမှားဖြန့်ဝေခြင်းသာဖြစ်ကြောင်း တုန့် ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ရန်ကုန်မြို့ MEC ထီးတန်းဆိပ်ကမ်းရှိ လေယာဥ်ဆီတင်သင်္ဘောတစ်စီးကို MOD လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သဖြင့် မီးလောင်ပျက်စီးခဲ့သေးသည်။



















