မတ်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ အာဏာသိမ်းယူထားသည့် ၂၀၂၁ ခုနှစ်မှ လက်ရှိ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့အထိ မြန်မာနိုင် ငံတစ်ဝှမ်းတွင် စစ်အုပ်ချုပ်ရေး(Martial Law) ထုတ်ပြန်ကြေညာထားသော မြို့နယ်ပေါင်း (၆၁) မြို့နယ်ရှိလာကြောင်း Data for Myanmar ၏ မတ်လ(၅)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေသော မြို့နယ်များတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်ပိုင်းက စစ်အုပ်ချုပ်ရေးအကျုံးဝင်သည့် မြို့နယ်(၈)မြို့နယ်သာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် (၄၈) မြို့နယ်နှင့် ယခု ၂၀၂၄ ခုနှစ်တွင် (၅)မြို့နယ် ထပ်တိုးသတ်မှတ်ခဲ့သဖြင့် စုစုပေါင်း (၆၁)မြို့နယ်အထိ ရှိလာခြင်းဖြစ်သည်။
၎င်းတို့တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့်ပြည်နယ်တို့မှ မြို့နယ်ပေါင်း (၂၅)မြို့နယ်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ မကွေး တိုင်းဒေသကြီးမှ မြို့နယ်ပေါင်း (၃၃)မြို့နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲများနှင့်စပ်လျဥ်း၍ ရှမ်းပြည်နယ် မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့တို့ကိုလည်း စစ်ကောင်စီက မတ်လ(၄)ရက်နေ့မှစတင်၍ စစ်အုပ်ချုပ်ရေးကြေညာထားသည်။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကျင့်သုံးလာသည့်အချိန်မှစ၍ ယင်းမြို့နယ်များအတွင်း ညမထွက်ရ အချိန်သတ်မှတ်ခြင်း၊ စစ်ဆေးရေးတင်းကြပ်ခြင်း၊ ကုန်စည်နှင့်စားနပ်ရိက္ခာသယ်ဆောင်မှု ကန့်သတ်ခြင်း၊ လှည့်ကင်းလှည့်စဥ် ဖမ်းဆီးခံရခြင်းများ ရှိလာသဖြင့် လူမှုစီးပွားဘဝကို ထိခိုက်လာကြောင်း စစ်အုပ်ချုပ်ရေးလက်အောက် နေထိုင်နေရသည့် ဒေသခံများကပြောသည်။
“အဲဒီလိုကြေညာပြီးနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေလည်း များလာတယ်။ သွားရလာရတာလည်း အဆင်မပြေတော့ဘူး။ သွားလာရင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ လုပ်ရတယ် ။ ထောက်ခံစာလုပ်ရင်တောင်မှ စစ်သားတွေက ဂိတ်တွေမှာ ပိုက်ဆံတောင်းတယ်၊ မပေးရင်ပေးမသွားဘူး ။ အဲဒီလိုမျိုးတွေ အခုနောက်ပိုင်း သိသိသာသာ ဖြစ်နေတယ်” ဟု စစ်အုပ်ချုပ်ရေးမြို့နယ်တွင်းပါဝင်သည့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ ပုလောမြို့နယ်အပါအဝင် တနင်္သာရီမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်နှင့်ကြာ အင်းဆိပ်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီက လုံခြုံရေး၊ နယ်မြေအေးချမ်းရေးနှင့် တရားရေးအတွက်ဟုဆိုကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလဆန်းမှစတင်ကာ စစ်အုပ်ချုပ်ရေးကြေညာထားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ အကြား တိုက်ပွဲပေါင်း (၄,၀၀၀) လေးထောင်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်နေသည့် အဖွဲ့များက မှတ်တမ်းပြုစု ဖော်ပြထားသည်။



















