Home သတင်း ရွှေကုက္ကိုလ်တွင် တိုက်ခန်းများတိုးချဲ့ဆောက်လုပ်နေသော်လည်း ငှားရမ်းနေသူမရှိသလောက်နည်းပါး

ရွှေကုက္ကိုလ်တွင် တိုက်ခန်းများတိုးချဲ့ဆောက်လုပ်နေသော်လည်း ငှားရမ်းနေသူမရှိသလောက်နည်းပါး

999
Photo: CJ

မတ်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်ဒေသတွင် လုပ်ငန်းကုမ္ပဏီများက တိုက်ခန်း အဆောင်များကို တိုးချဲ့ဆောက်လုပ်နေသော်လည်း အဆိုပါနေရာများတွင် ငှားရမ်းနေသူမရှိသလောက် နည်းပါး နေကြောင်း ရွှေကုက္ကိုလ်ဒေသခံများက ပြောသည်။

ယခင်က တရုတ်လူမျိုးနှင့် ကာစီနိုအွန်လိုင်းအလုပ်သမားများသည် တိုက်ခန်းအဆောင်များကို ငှားရမ်း နေထိုင်မှုများရှိခဲ့သော်လည်း လက်ရှိတွင် တရုတ်ကုမ္ပဏီပိုင်ရှင်သူဌေးများက ၎င်းတို့၏ အလုပ်သမားအများစုကို တရုတ်ဆိုက်အတွင်းမှာသာနေထိုင်ခိုင်းပြီး လျှပ်စစ်ဓာတ်အား၊ ရေ၊ အင်တာနက်လိုင်းများနှင့် လုပ်ငန်း လည်ပတ်မှုများ မရှိတော့သည့်အတွက် တိုက်ခန်းအဆောင်ငှားနေသူ နည်းပါးသွားရခြင်းဖြစ်သည်ဟု ၎င်းဒေသခံက ယခုလိုပြောသည်။

၎င်းက “တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မီးတွေဘာတွေလည်းမမှန်ဘူး။ မီးတွေဘာတွေ မမှန်တော့ အပြင်မှာ သိပ်မငှားဘူး။ အပြင်မှာ အခန်းအဆောင်တွေ အများကြီးလွတ်တယ်။ အရင်ကဆို အခန်းရော အဆောင် ရော အကုန် အပြည့်ပဲ။ ရွာထဲက အိမ်ငှားတွေဆိုလည်း မရှိတော့ဘူး။ အရင်တုန်းကလောက် မများတော့ဘူး။ အရင်ကတော့ ရွာမှာ သူများအခန်းငှားတာ အပြည့်ပဲ။ တရုတ်တွေပဲပေါ့၊ သူတို့အလုပ်သမားတွေကို အပြင်မှာ မထွက်ငှားခိုင်ဘူး။ တရုတ်ဆိုက်ထဲမှာပဲ ငှားခိုင်းတယ်။ အထဲမှာကျတော့စျေးကြီးတယ်။ ရွာတွေထဲမှာကျတော့ စျေးနည်းနည်းတော် တာပေါ့” ဟု ကေအိုင်စီ သို့ ပြောသည်။

ရွှေကုက္ကိုလ်မြို့၏ ကျေးရွာဘက်တွင် အအေးခန်းပါ တိုက်ခန်းတစ်ခန်းကို ထိုင်းဘတ်ငွေ ၅ ထောင်ခန့် စျေး ပေါက်ပြီး တရုတ်ဆိုက်အတွင်းထဲတွင်မူ တိုက်ခန်းငှားရမ်းခကို ဘတ်တစ်သောင်းမှနှစ်သောင်းအထိ ပေးရသည် ဟုလည်း ထိုရွှေကုက္ကိုလ်ရွာသားက ဆက်ပြောသည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုလ်၊ မြဝတီ၊ ကျောက်ခက်၊ ဖလူး၊ မင်းလက်ပံနှင့် အင်ကြင်းမြိုင် စသည့်နေရာ တချို့ကို ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဖြတ်တောက်ထားသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားခြင်းကြောင့် ယခင်ကထက် အလုပ်အကိုင် နည်းပါးသွားသည်ဟု နယ်မြေခံဒေသခံများက ပြောသည်။

အလားတူ ရွှေကုက္ကိုလ်မြို့ရှိ တိုက်အခန်းအဆောင်များကို ငှားရမ်းနေထိုင်ကြသည့် အလုပ်သမားများနှင့် တရုတ် လူမျိုးများသည် လက်ရှိတွင်နေထိုင်ငှားရမ်းမှုမရှိတော့သည့်အတွက်ကြောင့် ယခင်က ဘတ် ၁ သောင်းအထိ ပေးနေရသည့်အခန်းများသည် ဘတ် ၅ ထောင်ခန့်သာ စျေးနှုန်းရှိတော့သလို ကျေးရွာထဲတွင်လည်း တိုက်ခန်း၊ အဆောင်အများအပြား အခန်းအလွတ်သာကျန်ရှိနေကြောင်း ရွှေကုက္ကိုလ်ရွာသားများထံမှ သိရသည်။