Home သတင်း ပဲခူးတိုင်းတွင် ပြည်သူ့စစ်စုဆောင်းမှု မလိုက်ပါက ငွေ ၂၅ သိန်းအထိ ပေးဆောင်နေရ

ပဲခူးတိုင်းတွင် ပြည်သူ့စစ်စုဆောင်းမှု မလိုက်ပါက ငွေ ၂၅ သိန်းအထိ ပေးဆောင်နေရ

578
Photo: SAC

ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ စစ်ကောင်စီတပ် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒေသခံရွာသားများကို ပြည်သူ့စစ်လုပ်ရန်ခေါ် ယူစု ဆောင်းပေးရပြီး မလိုက်ပါက ငွေကျပ် ၂၅ သိန်းအထိပေးဆောင်နေရကြောင်း ဒေသခံ ရွာသားများကပြောသည်။

အဆိုပါ ဒေသအတွင်းရှိ အသက် ၁၈ နှစ်မှ အသက် ၆၀ နှစ်အောက် ဒေသခံအမျိုးသားများကို ရပ်ကွက်ငြိမ်း ချမ်း သာယာ အေးချမ်းရေးအတွက် မဲနှိုက်စနစ်ဖြင့် အတင်းအဓမ္မ ပြည်သူ့စစ်ဖွဲ့စည်းရန် စုဆောင်းနေခြင်းဖြစ်ပြီး မဲပေါက်၍ ပြည်သူ့စစ်အတွင်း မဝင်သူများကို စစ်ကောင်စီတပ်က ငွေကြေးတောင်းခံနေပြီး မပေး ဆောင်သူ များကို နေအိမ်မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက ယခုလိုပြောသည်။

“မဲပေါက်တော့ သူတို့တောင်းတာ ၂၅ သိန်းတောင်းတယ်။ တစ်ရွာလုံးက ပိုက်ဆံမရှိကြတဲ့ အိမ်တွေ လည်းရှိ တော့ ၁၀ သိန်းနဲ့ညှိကြည့်တယ်မရဘူး။ ခုချိန် အဲ့လောက်ပိုက်ဆံက ဘယ်ကရမလဲ တစ်ရက်စာတောင် မနည်းရှာ နေရတာ။ ပိုက်ဆံရှိတဲ့ အိမ်တွေကတော့ ပိုက်ဆံပေးလိုက်တော့ လိုက်သွားစရာမလိုတော့ဘူး။ မရှိတဲ့အိမ် ကျတော့ အိမ်မှာရှိတဲ့ သူလိုက်သွားပေါ့။ ပိုက်ဆံလည်းမပေး သွားလည်းမသွားဘူးဆိုရင် သူတို့အိမ်ကိုမီးရှို့ တယ်လေ”ဟု ၎င်းဒေသခံက ကေအိုင်စီ သို့ ပြော သည်။

ထို့အပြင် ယခုလို ပြည်သူ့စစ်လုပ်ရန် မဲပေါက်သွားသည့် နေအိမ်မှ ပြည်သူများအနက် ငွေကြေးအခက်အခဲရှိသူ များအနေဖြင့် ပြည်သူ့စစ်ထဲသို့ ခေါ်ယူမှုကိုလိုက်သွားရသည့် လူငယ်များလည်း ရှိနေသည်ဟု နေအိမ် မဲပေါက်သွားသည့် ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

၎င်းဒေသခံက “တစ်ရွာလုံးမှာ ကျနော်တို့အိမ်အရင်ဆုံးမဲလာပေါက်တယ်။ လာတာက ရပ်ကွက် လူကြီးနဲ့စစ်တပ်တွေပဲ။ မဲလုပ်တာက ရပ်ကွက်လူကြီးလုပ်တယ်။ အိမ်မှာ လမ်းလျှောက် မနိုင်တဲ့သူတွေရှိတယ်။ သူတို့မယူဘူး လူငယ်အရွယ်ပဲယူမယ်တဲ့။ ကျနော်တို့ နည်းလမ်းတော့ရှာနေတာပဲ။ မသွားတဲ့သူတွေထဲမှာ သူတို့ပိုက်ဆံယူဖို့ ရက်သတ်မှတ်ပေးထားတယ်။ ပိုက်ဆံမပေးနိုင်လို့ သူတို့နောက်ကိုလိုက်သွားရတဲ့ သူတွေလည်းရှိတယ်။ အခုထိတော့အဆက်အသွယ်မရသေးဘူး ”ဟု ပြောသည်။

လတ်တလော ဒေသအသီးသီးတွင် စစ်မျက်နှာဖွင့်ထားရသလို ထောင်နှင့်ချီသည့် ၎င်း၏တပ်ဖွဲ့ဝင်များလည်း လက်နက်ချ အညံ့ခံလာကြလျက်ရှိသည့် စစ်ကောင်စီအနေဖြင့် အင်အားဆုတ်ယုတ်လာသည့်အပေါ် ပြန်လည် အားဖြည့်ရန် နည်းလမ်းပေါင်းစုံအသုံးပြု၍ အတင်းအဓမ္မ တပ်သားသစ်စုဆောင်နေခြင်းဖြစ်ပြီး လတ်တလော ပဲခူးတိုင်းတွင် အဆိုးရွားဆုံး စုဆောင်းခံနေရခြင်းဖြစ်သည်။

ယခုလို စစ်ကောင်စီတပ်က ဒေသခံများကို ပြည်သူ့စစ်ဖွဲ့စည်းရန် ကြိုးပမ်းမှုကို ပြည်သူများအနေဖြင့် နည်း လမ်းမျိုးစုံ အသုံးပြုပြီး ရှောင်ကြဉ်ရန်နှင့် ပြည်သူများကို နည်းအမျိုးမျိုးဖြင့် ဖိအားပေးခြိမ်းခြောက်သူများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်းလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တောင်ပိုင်းတိုင်း စစ်ဒေသက သတိပေး ထုတ်ပြန်ထားသည်။

အလားတူ ကျောက်တံခါးမြို့နယ်အပြင် ပဲခူးတိုင်းအတွင်းရှိ ကျန်ရှိသော ညောင်လေးပင်၊  တောင်ငူ၊ ရွှေကျင်နှင့် ပေါင်းတည် စသည့်မြို့နယ်များတွင်လည်း စုဆောင်းမှုများ ပြုလုပ်နေပြီး ဒေသအာဏာပိုင်များအပြင် ဩဇာ ညောင်းသည့် ဘာသာရေး ခေါင်းဆောင်များကိုပါ အသုံးပြု စုဆောင်းနေကြောင်း ဒေသခံများထံ မှ သိရသည်။