ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ ရဲဘက်၊ ထွေအုပ်ရုံးနှင့် စစ်ဖက် ဆိုင်ရာရုံးနေရာများကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလ ၃၀ရက် (ယနေ့)မနက်ပိုင်း ၆နာရီဝန်းကျင်မှစ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းလွဲအချိန်ထိ မြို့တွင်း၌ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
တော်လှန်ရေး ပူးပေါင်းအင်အားစုများက မြို့ပေါ်တွင် အခိုင်အမာတည်ဆောက်ထားသော အဓိက ကျသည့် စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ ရုံး) များအား တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် တုံ့ပြန်ပစ် ခတ်ရုံသာမက ထားဝယ်မြို့ဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း လောင်းလုံးဒေသခံများက ပြောသည်။
“လက်ရှိလည်း မြေပြင်မှာတိုက်ပွဲဖြစ်နေတုန်းပါ။ အခုက မြို့ပေါ်မှာဖြစ်နေတာ ထွေအုပ်ရုံးရယ်၊ စရဖ ရုံးရယ်၊ ရဲစခန်းရယ်ရှိတယ်။ အဲဒီ စခန်းသုံးခုလုံးကိုဝင်တိုက်တာလို့ ထင်ရတယ်။ ကျန်တာ တော့ကျနော်တို့ မသိရသေးပါဘူး” ဟု ပူးပေါင်းတပ်ဖွဲ့တွင် ပါဝင်သည့် လောင်းလုံးပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။
မြို့ပေါ် ပစ်ခတ်မှုများ လက်ရှိအချိန်ထိ ပြင်းထန်နေဆဲဖြစ်သည့်အပြင် ဒေသခံများ မြို့ပြင်သို့ ထွက် ပြေးတိမ်းရှောင်၍ မရသည့်အတွက် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရထားသော အမျိုးသားတစ်ဦးလည်း အရေးပေါ်ဆေးကုသရန်အခက်အခဲရှိနေကြောင်း လောင်းလုံးဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ထားဝယ်ဘက်ကနေ ၂ မိုင်ကျော်ကျော်လောက်ကနေ လောင်းလုံးမြို့ပေါ်ကို လက်နက်ကြီးနဲ့ ပစ်နေတာရှိတယ်။ အမျိုးသားတစ်ယောက် လက်နက်ကြီးထိထားတာ ဆေးရုံသွားလို့မရ ဘူးဖြစ်နေတယ်။ အိမ်တွေလည်း ထိမှန်ပျက်စီးတာရှိတယ်။ စဖြစ်တာကလည်း မနက်ကြီး ဖြစ်တာဆိုတော့ ဈေးရောင်းနေတဲ့လူတွေ ဈေးသွားတဲ့သူတွေဆို ပြန်လာလို့မရလို့ ဈေးမှာပိတ်မိနေတဲ့ အနေအထားပါ အပြင်ထွက်ပြေးလို့အဆင်မပြေဘူး” ဟု ပြောသည်။
လောင်းလုံးမြို့နယ်အခြေစိုက် သပိတ်လှုပ်ရှားမှုပြုလုပ်နေသည့် ထားဝယ်သပိတ်ကော်မတီ-DDMSC ကလည်း လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများအပြင် စစ်ကောင်စီ၏ခြေလျင်တပ်အချို့ ထားဝယ်ဘက်မှ စစ်ကူလာနေသဖြင့် လောင်းလုံးမြို့နှင့် မြို့အနီးကျေးရွာမှ ဒေသခံလူထုများ သတိထား ကြရန်၊ လက်နက်ကြီးဒဏ်လွတ်ကင်းနိုင်သော အဆောက်အဦးများဖြင့် အကာအကွယ်ယူ နေထိုင်ကြရန် သတိပေးနှိုးဆော်ထားသည်။
ဒီဇင်ဘာလကုန်ပိုင်းက လောင်းလုံးကျွန်းဆွယ်တစ်လျှောက်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ အမျိုးသမီး၊ အမျိုးသား များကို လူသားဒိုင်းလုပ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ၎င်းတို့သံသယရှိပြည်သူများအား ပစ်ခတ်သတ် ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ မြို့ပေါ်တိုက်ပွဲများ တကျော့ပြန်လည် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၇)ရက်နေ့က စုစုပေါင်းအင်အား (၃၀)ကျော်ရှိသော လောင်းလုံးမြို့ပေါ်ရှိ အဆိုပါ ရဲစခန်းနှင့် စရဖ ရုံးများသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုတွင်လည်း စစ်တပ်ဘက်က (၂) ဦးသေဆုံးပြီး (၂) ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။



















