Home သတင်း စစ်တပ် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး၊ ဝါးကုလားထိုင်ဆိုင် မီးရှို့ခံရ

စစ်တပ် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး၊ ဝါးကုလားထိုင်ဆိုင် မီးရှို့ခံရ

1222
Photo: Crd.

ဒီဇင်ဘာ ၂၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အလူးလေး-ဝင်းပြန်ကျေးရွာကြား ကားလမ်းမပေါ်တွင် မောင်းနှင်ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ်ကားမှ အနီးဝန်းကျင် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်(ယောကျ်ားလေး) တစ်ဦးမှာ လည်ပင်း ထိမှန်ကာ သေဆုံးသွားခဲ့သည်။

ယင်းကားလမ်းတွင် လှည့်ကင်းစစ်ကားများက ဒီဇင်ဘာလ ၂၄ရက်နေ့၊ မနက် ၈နာရီနီးပါးအချိန် ရောက်ရှိလာပြီး နောက် ၉နာရီခန့်တွင် ဖားအံ သို့မဟုတ် မော်လမြိုင်ဖက်မှ မောင်းနှင်လာသည့် စစ်ကား ၃စီးက လမ်းဘေးဝဲယာ ပစ်ခတ်သွားရာမှ ယင်းသို့ ကလေးငယ်ကို ထိမှန်သွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီ သို့ ယခုလို အတည်ပြု ပြောဆိုသည်။

၎င်းက “သေသွားတဲ့ကလေးက ဝင်းပြန်ရွာကပဲ။ ၁တန်းကျောင်းသားလေးပေါ့။ ကျောင်းပိတ်ရက်မှာ သူ့အမေကို အထပ်သား သွားဝိုင်းကူလှန်းတာ။ ကလေးက အထပ်သားလှန်းပြီးလို့ စက်ဘီးနဲ့အိမ်အပြန် လမ်းမှာစစ်ကားလာလို့ ရပ်ကြည့်နေချိန် ထိသွားတာ။”ဟု ပြောသည်။

ထို့အပြင် အဆိုပါစစ်ကားတန်းအတွက် ကင်းလှည့်စောင့်ပေးရသည့် စစ်ကားများက အလူးလေးရွာအလွန်ရှိ သပြေနီ ကျေးရွာ ကားလမ်းမပေါ်မှ ဝါးကုလားထိုင်ဆိုင်ကိုလည်း မီးရှို့သွားခဲ့သေးကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ၏ ပြောဆို ချက်အရ သိရသည်။

ယင်းသို့ စစ်ကောင်စီ၏ စစ်ကားတန်းများ ဖြတ်သန်းသွားလာရာတွင် ဒေသအခြေစိုက်တပ်က လှည့်ကင်းများအဖြစ် တာဝန်ယူပေးရလေ့ရှိရာ ယခုလှည့်ကင်းစစ်ကားများမှာ ဘီးလင်းအခြေစိုက်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။