Home သတင်း လက်နက်နှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးကို ဆုငွေအသီးသီးချီးမြှင့်

လက်နက်နှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးကို ဆုငွေအသီးသီးချီးမြှင့်

902
Photo: KNU

ဒီဇင်ဘာလ၊ ၂၂ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)ရှိ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA တပ်ဖွဲ့ ထံသို့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် (၅)ဦး လက်နက်များနှင့်အတူ ဒီဇင်ဘာလ (၁၇)ရက်နေ့က လာရောက်လက်နက်ချ အလင်းဝင်လာသည့်အပေါ် ကေအဲန်ယူဘက်မှ ဆုငွေ အသီသီး ချီးမြှင့်ပေးခဲ့ကြောင်း ဒူးပလာယာ ခရိုင်ဘက်မှထုတ်ပြန်သည်။

လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တပ်မ(၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၁၀၂) မှ ဗိုလ်ကြီးကျော်ဗိုလ်ဗိုလ်ဟိန်း၊ ဆေးတပ်သား အောင်မျိုးဝင်း၊ တပ်သား အောင်ကိုမင်း အပြင် နယ်ခြားစောင့် တပ်-BGF (၂၀၂၂)တပ်နယ်(၄)မှ စောပေထူး(ခ)တော့ဘရားအပါအဝင် တပ်သားကောင်းဆက်ထွန်းလင်းကလည်း ဒီဇင်ဘာလ (၁၅)ရက်နေ့ကလာရောက်အလင်းဝင်ခဲ့ခြင်းဖြစ်ပြီး ထိုက်တန်သည့် ထောက်ပံ့ ငွေများ အသီးသီး ပေးအပ်ခဲ့ခြင်းဖြစ်သည်။

လက်နက်နှင့်အတူ လာရောက်အလင်းဝင်သူ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် (၅)ဦးထံမှ MA-5 ၁လက်၊ MA-3 ၂ လက်၊ MA-4 ၂လက်၊ ကျည်ဘောက်၁၁ခု၊ ကျည်ထောင့်ပေါင်း ၁၀၅ ထောင့်နှင့် လက်ပစ်ဗုံး ၂လုံးပါရှိ ကြောင်းလည်း ကေအဲန်ယူ ဒူးပလာခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေထဲတွင် လတ်တလော ကေအဲန်ယူ လက်အောက်ခံပူးပေါင်းတပ်နှင့် စစ်ကောင် စီတပ်အကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လူအင်အားမမျှသည့်အပြင် စိတ်ဓာတ်စစ်ဆင် ရေးပါ ကျဆင်းလာနေသည့်အတွက် နှစ်ပေါင်းများစွာ လာရောက်အခြေချသည့် စစ်ကောင်စီတပ်များသည် အထက်အမိန့်ကို အာဏာဖီဆန်ပြီး KNLA တပ်ဖွဲ့ထံ မြောက်များစွာလာရောက်ပူးပေါင်းလျက်ရှိကြောင်းလည်း ကေအဲန်ယူ ဘက်မှဆိုသည်။

Photo: KNU

ထို့အပြင် စစ်ကောင်စီ၏ မတရားဖိနှိပ်အုပ်ချုပ်မှု အထောက်အကူ ဖြစ်စေသည့် မည်သည့်ဒေါက်တိုင်မှန်သမျှကို ဆန့်ကျင်ရန် နှင့် စစ်ကောင်စီလက်အောက်ရှိ မည်သည့် စစ်တပ်မဆို တပ်မှစွန့်ခွာပြီး ကေအဲန်ယူ နှင့် လာရောက် ပူးပေါင်းရန် ဖိတ်ခေါ်လျှက်ရှိသည့်အပြင် ဘဝရပ်တည်နိုင်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ-ဒူးပလာယာခရိုင် တာဝန်ရှိ လူကြီးများမှ ပြောဆို ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ဒီဇင်ဘာလ (၁၉) ရက်နေ့တွင်လည်း ကေအဲန်ယူ တပ်မဟာ (၆) ကွန်မန်ဒိုတပ်ဖွဲ့ထံတွင် စစ်ကောင်စီခြေလျင် တပ်ရင်း ခလရ-၂၈၃ မှ ဒုတပ်ကြပ်ရဲကိုကိုက လက်နက်နှင့်အတူ လာရောက်ပူးပေါင်းသည့်အတွက် ကေအဲန်ယူဘက်က ကျပ်သိန်းတစ်ရာ့ငါးဆယ် ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားခဲ့ခြင်းရှိသည်။

ယခုအချိန်တွင် ကေအဲန်ယူ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှုရှိ နေဆဲဖြစ်သလို စစ်ကောင်စီတပ်မှ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေပြီး ဒေသခံလူထု ထိခိုက်သေဆုံးမှုများ လာကြောင်းလည်း ဒေသခံထံမှသိရသည်။