နိုင်ငံရေးအနှစ်သာရရှိရှိ အထိမ်းအမှတ်ပြုတယ်ဆိုတာ ဘယ်လိုမျိုးလဲ
မောင်ကျော်စွာ
(၂၂ ဒီဇင်ဘာ ၂၀၂၃)
ရှေ့ကဆောင်းပါးမှာ မကြာခင် ရောက်ရှိလာတော့မယ့် “ကရင့်တော်လှန်ရေး (၇၅)နှစ်ပြည့် စိန်ရတုအခါ သမယကို” နိုင်ငံရေးအနှစ်သာရရှိရှိ အထိမ်းအမှတ်ပြုကြဖို့ “အားလုံး” ကို ကျွန်တော် လေးစားစွာ ပန်ကြားတိုက် တွန်းခဲ့ပါတယ်။
ဒီတစ်ပတ်ဆောင်းပါးမှာ နိုင်ငံရေးရေးအနှစ်သာရ ဘယ်လိုရှိအောင် အထိမ်းအမှတ်ပြုကြမလဲ။ နိုင်ငံရေးအနှစ် သာရ ဆိုတာ ဘာလဲ၊ “အားလုံး” ဆိုတာထဲမှာ ဘယ်သူတွေပါဝင်နေသလဲဆိုတဲ့ အချက်တွေကို ကျွန်တော် တင်ပြရေး သားလိုပါတယ်။ ရေးသားပါရစေ။
ကျွန်တော်ရည်ရွယ်တဲ့ ကျွန်တော်ဆိုလိုတဲ့ နိုင်ငံရေးအနှစ်သာရရဲ့ ပထမဆုံးအချက်က ဒီကနေ့တော်လှန်ရေး အင်အားစုအသီးသီးရဲ့ ဘုံရန်သူဖြစ်တဲ့ “(စကစ) စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ” အကုန်အစင် တိုက်ဖျက်ရေးကို တည့်မတ်တည်ကြည်စွာ ဦးတည်ပြီး အထိမ်းအမှတ်ပြုကြဖို့ ဖြစ်ပါတယ်။
ဒုတိယအချက်က “(စကစ)စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ” အကုန်အစင် တိုက်ဖျက်ရေးကို ဦးတည်တဲ့ ဒီက နေ့ တော်လှန်ရေးအင်အားစု အသီးသီးအကြား တန်းတူရေး၊ သွေးစည်းညီညွတ်ရေး၊ အပြန်အလှန်ထောက်ခံ အားပေး ကူညီရေးဆိုတဲ့ ညီညွတ်ရေးတပ်ပေါင်းစု တည်ဆောက်နိုင်ရေးဆိုတဲ့ ရှေ့ရှုချက်နဲ့ အထိမ်းအမှတ်ပြုကြဖို့ ဖြစ်ပါတယ်။
တတိယအချက်ကတော့ အုပ်စုအမျိုးမျိုး ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်းများအကြား၊ ကရင်အချင်းချင်းအ ကြား သွေးထွက်သံယိုမှု၊ ရန်စောင်တင်းမာမှုတွေမှန်သမျှ လျှော့ချရှောင်ကျဉ်ကြပြီး ကရင်အချင်းချင်း အပြန်အလှန် နားလည်မှု၊ အပြန်အလှန် အားပေးကူညီမှု၊ အပြန်အလှန် ယုံကြည်မှုတွေကနေတဆင့် “စောဘဦးကြီးမူ (၄)ရပ်”ကို ကရင်အဖွဲ့အစည်းအားလုံးက မသွေဖည်ဘဲ လေးနက်တည်ကြည်စွာ ဦးတည်ကြရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အထိမ်းအ မှတ်ပြုကြဖို့ပဲ ဖြစ်တယ်။
ပိုပြီး ကြည်လင်ရှင်းလင်းစွာ ပြောရမယ်ဆိုရင် “ကရင့်တော်လှန်ရေး (၇၅)နှစ်ပြည့် စိန်ရတုအခါသမယကို” အောက်ပါဦးတည်ချက်(၃)ရပ်နဲ့ ကျင်းပခြင်းအားဖြင့် နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပနိုင်မယ့် အထိမ်းအမှတ်ပြုနိုင်လိမ့် မယ်လို့ မျှော်လင့် ယုံကြည်တယ်လို့ ဆိုလိုချင်တာပါပဲ။
(၁) ဘုံရန်သူ “(စကစ) စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ” အကုန်အစင်တိုက်ဖျက်ရေး
(၂) ညီညွတ်ရေးတပ်ပေါင်းစုတစ်ရပ် တည်ဆောက်နိုင်ရေး
(၃) “စောဘဦးကြီးမူ (၄)ရပ်”ကို ကရင်အဖွဲ့အစည်းအားလုံးက လေးနက်တည်ကြည်စွာ ကိုင်စွဲကြရေး — တို့ပဲ ဖြစ်ပါတယ်။
“အားလုံး”ဆိုတာထဲမှာ ဘယ်သူတွေပါဝင်နေသလဲ ဆိုတဲ့အချက်ကို ရှင်းလင်းရမယ်ဆိုရင် ဘုံရန်သူ (စကစ) စစ်အုပ်စုကို စစ်ရေး၊ နိုင်ငံရေး နည်းသဏ္ဌာန်ပေါင်းစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ အင်အားစုအားလုံးကို ဆိုလိုတာပါ။
ဗမာပြည်ကွန်မြူနစ်ပါတီက ဦးဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး (၂၈ မတ် ၁၉၄၈ ခုနှစ်)နဲ့ ကရင့် တော်လှန်ရေး (၃၀ ဇန်နဝါရီ ၁၉၄၉ ခုနှစ်) တို့ဟာ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပေါ်ပေါက်လာပြီး အုပ်စိုးသူ လူတန်း စားက လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်တာကို ရရာလက်နက်စွဲကိုင်ပြီး ခုခံတော်လှန်ကြရာကနေ ပေါ်ထွက်လာရတာပါ။
အဲဒီနောက် ကာလတစ်ခုရောက်တဲ့အခါမှာ မွန်၊ သျှမ်း(ရှမ်း)၊ ပအိုဝ်း၊ ကရင်နီ၊ ကချင်၊ ချင်း၊ ရခိုင် စတဲ့ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးတွေ အစီအရီ ပေါ်ထွက်လာတာကို ကရင့်တော်လှန်ရေး ၇၅နှစ်တာ သမိုင်းဖြတ်သန်းမှုကို လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။ လူမျိုးစုလက်နက်ကိုင်အင်အားစုတွေထဲမှာ ကရင့်တော်လှန်ရေးဖြတ်သန်းမှုဟာ ဝါအရင့်ဆုံးဖြစ်ပါတယ်။ ကျန်တဲ့ လူမျိုးစုတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ ကရင်တော်လှန်ရေးရဲ့ စိတ်ပိုင်းဆိုင် ရာ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာ”စတဲ့ အားပေးကူညီထောက်ပံ့မှုတွေ အနည်းနဲ့အများပါဝင်နေတဲ့ အချက်ဟာ အလေးအနက် မှတ်တမ်းတင်ကြရမယ့် သမိုင်းဝင်အချက်အလက်လည်း ဖြစ်ပါတယ်။ ဒီအစဉ်အလာကို အခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့တွေကလည်း သူ့နည်းသူဟန်နဲ့ဆက်ခံပြီး တတ်နိုင်တဲ့ အကူအညီတွေ ပေးနေ ကြပါတယ်။
လူမျိုးစုတွေမှသာ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်တဲ့ တော်လှန်ရေး၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးနဲ့အတူ ပေါ်ပေါက်လာတဲ့ ကျောင်းသားတွေရဲ့ ကျောင်းသားတပ်မတော်(ABSDF) အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ(NLD-LA)၊ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)၊ ၂၀၂၁ခုနှစ်နောက်ပိုင်း လူထု အုံကြွမှုကြီးနဲ့အတူ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးအင်အားစုများ(CRPH- NUG_PDF)အထိ “ဒီမိုကရေစီ အင်အားစုတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ” ကိုလည်း ကရင့်တော်လှန်ရေးက ကြိုဆိုထောက်ခံ အားပေးကူညီခဲ့တာ ပဲ မဟုတ်ပါလား။
ဆိုလိုချင်တာက ကရင့်တော်လှန်ရေးဟာ ဘဝတူဖြစ်တဲ့ လူမျိုးစုတွေရဲ့ တော်လှန်ရေးတွေကိုသာမက ဒီမိုက ရေစီအင်အားစုတွေရဲ့ တော်လှန်ရေးတွေကိုလည်း အားပေးကူညီခဲ့တာပဲ ဖြစ်တယ်ဆိုတဲ့အချက်ဟာ ကရင့်တော်လှန် ရေးဖြတ်သန်းမှု (၇၅)နှစ်ကာလရဲ့ အင်မတန် ထင်ရှားမြင်သာတဲ့ အချက်တစ်ခုဖြစ်နေတာပါ။ ဒါဟာ မျိုးဆက်သစ်များ အနေနဲ့ ဆက်ခံပြီး ထိန်းသိမ်းပြီး ခေတ်ကာလနဲ့အညီ တိုးချဲ့ရမယ့် အစဉ်အလာကောင်းလည်း ဖြစ်ပါတယ်။
ကရင့်တော်လှန်ရေးက ကချင်တော်လှန်ရေးကို ကူညီခဲ့ဖူးသလို ကချင်တွေကလည်း ၁၉၈၈ ခုနှစ်က ကျောင်း သားတွေရဲ့ ကျောင်းသားတပ်မတော်ကို ကူညီခဲ့တယ်။ အခုနောက်ပိုင်းမှာ ရခိုင်(AA)ကို ကချင်တော်လှန်ရေးက စိတ် ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္တုပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ စသဖြင့် ထောက်ပံ့အားပေး ကူညီခဲ့တယ် မဟုတ်ပါလား။ ဒါဟာ အစဉ်အလာကောင်းကို မိမိအခြေအနေနဲ့မိမိ၊ မိမိအနေအထားနဲ့မိမိ တိုးချဲ့ကြတာမျိုးပဲ မဟုတ် ပါလား။
အခုလည်း မြန်မာပြည်အနှံ့အပြားမှာ ပေါ်ပေါက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ခုခံစစ်အတွက် လိုအပ်တဲ့ အကူ အညီတွေကို ဒေသအရ အခြေအနေအရ နီးစပ်ဆက်စပ်တဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အသီးသီး က တတ်နိုင်တဲ့ အားပေးကူညီမှုတွေကို အတိုင်းအတာအမျိုးမျိုးနဲ့ ကူညီနေကြတာပဲ မဟုတ်ပါလား။
(စကစ)စစ်အုပ်စုက လူမျိုးစုလက်နက်ကိုင် အင်အားစုများက အဲဒီလို စိတ်ဓာတ်အရ၊ စစ်ရေးအတတ်ပညာ လေ့ကျင့်ရေးအရ၊ လက်နက်ခဲယမ်းအရ အားပေးကူညီနေတာတွေကို သိပ်ကို ထိတ်လန့်တုန်လှုပ်နေပါတယ်။ ဒါ့ကြောင့် လူမျိုးစုတွေ၊ အင်အားစုတွေနဲ့ (CRPH- NUG_PDF) – BPLA – PLA အစရှိတဲ့ တော်လှန်ရေး တိုက်ခိုက်ရေး အင်အားစုတွေနဲ့ နီးကပ်ဆက်စပ်သွားမှာ ယခုထက် ပိုမိုပြီး သွေးစည်းညီညွတ်သွားမှာကို သိပ်ကို ထိတ်လန့်နေပါတယ်။ ဒါ့ကြောင့် သွေးခွဲသပ်လျှိုမှုမျိုးစုံကို နေ့စဉ်နဲ့အမျှ နည်းလမ်းမျိုးစုံသုံးပြီး မီးကုန်ယမ်းကုန်လုပ်နေပါတယ်။
တော်လှန်ရေးရှေ့တစ်ဆင့်တိုးနိုင်မှု သို့မဟုတ် တော်လှန်ရေးအောင်မြင်မှုဆိုတာတွေဟာလည်း ဘုံရန်သူ (စကစ)စစ်အုပ်စုကို ခုခံတော်လှန်စစ်ဆင်နေတဲ့ အင်အားစုအားလုံးရဲ့သွေးစည်းညီညွတ်မှု ဘယ်လောက်ရှိသလဲ ဆိုတဲ့ အတိုင်းအတာအပေါ်မှာ မူတည်နေတာပါ။ ဒီတော့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေရော ဒီမိုကရေစီ တော်လှန် ရေးအဖွဲ့အစည်းတွေရော မြန်နိုင်သမျှ မြန်မြန် သွေးစည်းညီညွတ်နိုင်ဖို့က အောင်ပွဲတွက် အခြေခံ အကျဆုံး အာမခံ ချက်ပါပဲ။ သွေးစည်း ညီညွတ်မှုနှေးကွေးနေမယ်၊ သူတလူငါတမင်းဖြစ်နေမယ်။ ငါ့လှေငါထိုး၊ ငါ့မြင်းငါစိုင်းနေကြမယ် ဆိုရင်တော့ (စကစ)စစ်အုပ်စု ကျရှုံးရေးဟာ မလိုအပ်ဘဲ ပေရှည်နေပါလိမ့်မယ်။
နောက်ထပ် အင်မတန် ထင်ရှားမြင်သာတဲ့ အချက်တစ်ခုကတော့ လူမျိုးစုတော်လှန်ရေးအင်အားစုတွေနဲ့ ဒီမို ကရေစီအင်အားစုတွေ ညီညွတ်သွေးစည်းနိုင်တဲ့အခါ အုပ်စိုးသူအစိုးရအဆက်ဆက်ဟာ အကြပ်အတည်းမျိုးစုံ ကြုံရပြီး (တစ်ချိန်ကဆိုရင် “ရန်ကုန်အစိုးရ” ဆိုတဲ့ဘဝအထိ ကျရောက်ခဲ့ရတယ် မဟုတ်ပါလား။) လူမျိုးစုတော်လှန်ရေး အဖွဲ့ အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အစည်းပြေကြတဲ့အခါမှာတော့ အုပ်စိုးသူလူတန်းစားအတွက် အသက်ရှူ ပေါက်ရသွားစေပြီး သူ့ရဲ့ဖောက်ပြန်တဲ့အုပ်စိုးမှုကိုပြန်လည် ထိန်းသိမ်းနိုင်ပြီး မိမိတို့အင်အားစုများကို ပြင်းပြင်းထန်ထန် ပက်ပက်စက်စက် ချေမှုန်းလေ့ရှိတယ်ဆိုတဲ့ ခါးသီးဖွယ် သမိုင်းသင်ခန်းစာများကိုလည်း ကရင့်တော်လှန်ရေး (၇၅)နှစ် ခရီးကြမ်းကြီးထဲကနေ လေးလေးနက်နက် ဆင်ခြင်ရယူကြဖို့ လိုအပ်ပါတယ်။
သို့ပါ၍ အင်အားစုအားလုံးအနေဖြင့် ဖော်ပြပါ ဦးတည်ချက် (၃)ရပ်နဲ့အညီ ကရင့်တော်လှန်ရေး (၇၅)နှစ်တာ ခရီးကို နိုင်ငံရေးအနှစ်သာရရှိရှိ အထိမ်းအမှတ်ပြုကြပါစို့။ အတွေ့အကြုံနဲ့ သင်ခန်းစာများကို လေးလေးနက်နက် ဆင်ခြင်ထုတ်ယူကြပြီး မျက်မှောက်ဆင်နွှဲနေတဲ့ ခုခံစစ်ကို အရှိန်အဟုန်မြင့်ကြပါစို့။
ဒီလို လက်တွေ့နည်းလမ်းများ၊ အကောင်အထည်ဖော်မှုများနဲ့သာ (၁၉၄၈ -၄၉ )ခုနှစ်ကစတင်ပြီး မဆုတ်မနစ် တော်လှန်ခဲ့ကြတဲ့ ကျဆုံးသွားကြပြီးဖြစ်တဲ့ အာဇာနည်များ သူရဲကောင်းများရဲ့ သစ္စာကို လေးစားကြောင်း၊ ရိုသေ ကြောင်း ပြသကြပါစို့။ အထိမ်းအမှတ်ပြုကြပါစို့။



















