Home သတင်း KNU ကော့ကရိတ်မြို့နယ် ခေါင်းဆောင်သစ်များ ပြန်လည်ရွေးကောက်၊ အမြဲတမ်းကော်မတီဝင် ၃၁ ဦးတွင် လူငယ်အမျိုးသမီး ၁၁ ဦးပါဝင်

KNU ကော့ကရိတ်မြို့နယ် ခေါင်းဆောင်သစ်များ ပြန်လည်ရွေးကောက်၊ အမြဲတမ်းကော်မတီဝင် ၃၁ ဦးတွင် လူငယ်အမျိုးသမီး ၁၁ ဦးပါဝင်

892
Photo: Dooplaya District

နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အဆင့် ကွန်ဂရက်ကို နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ကော့ကရိတ်မြို့နယ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး ခေါင်းဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြှောက် ခဲ့ကြသည်။

ယခုရွေးကောက်တင်မြှောက်လိုက်သော ကော့ကရိတ်မြို့နယ်အဆင့် ခေါင်းဆောင်သစ်များတွင် မြို့နယ်အမြဲ တမ်းကော် မတီဝင် ၃၁ဦးအနက် အမျိုးသမီး ၁၁ ဦးပါဝင်ကြောင်း‌ ရွေးကောက်ခံကိုယ်စား လှယ်များက ပြောသည်။

အဆိုပါ ရွေးကောက်ခံကော်မတီဝင်ထဲတွင် လူငယ်အမျိုးသမီးပါဝင်လာမှုများလာပြီး အမျိုးသမီးများ၏ အခွင့်အရေးနှင့်တန်းတူ‌‌ရေး စသည်တို့ကိုပိုမို‌ ကောင်းမွန်လာ မည်ဖြစ်ကြောင်း ရွေးကောက်ခံရသည့် ကော်မတီဝင်တစ်ဦးက ပြောသည်။

၎င်းက “အခုကျနော်တို့ ရွေးခံရတဲ့အထဲမှာ အမျိုးသမီးက ၁၁ ဦးလောက်ပါတယ်။ အဲ့ဒီအမျိုးသမီး တွေအများစုလည်း လူငယ်တွေဖြစ်တယ်။ ဒါကြောင့် ကျနော်တို့မြို့နယ်မှာ အမျိုးသမီး အခွင့်အရေးတွေ တန်းတူရေးတွေ ပိုကောင်းလာမယ်။ မျှော်လင့်ချက်လည်း အများကြီးရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ အမျိုးသမီးများ ဦးစားပေးခံရပြီး ခေါင်းဆောင်မှုအပိုင်းတွင် ပိုမိုပါဝင်လာသောကြောင့် အား အင်ပိုဖြစ်ရကြောင်း ရွေးချယ်ခံရသည့်‌အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“အမျိုးသမီးတွေ ဦးစားပေးခံရတယ်။ အခွင့်အရေးပိုရလာတယ်။ ခေါင်းဆောင်အပိုင်းမှာ ပိုပါဝင် လာလို့ပျော် ရွှင်ရတယ်။ အားအင်လည်းဖြစ်တယ်။ အင်အားကြီးလာလို့ မျှော်မှန်းထားတဲ့ပန်းတိုင်ကို အတူလုပ်ပြီး ဝမ်းသာရတယ်”ဟု ထိုအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် ကော့ကရိတ်မြို့နယ် ကွက်ဂရက်(ညီလာခံ)တွင် ခေါင်းဆောင် အပြောင်းအလဲများရှိကာ အသစ်ပြန်လည်ရွေးကောက်ခံရသည့်ခေါင်းဆောင် ၃၁ဦးထဲတွင် ဥက္ကဋ္ဌ အဖြစ် စောဖာတယား၊ ဒု-ဥက္ကဌ စောဆန်းတင်၊ အတွင်းရေးမှူး မန်းမြအေး၊ တွဲဘက် အတွင်းရေးမှူး စောဟဲခု၊ တရားသူကြီး နန်းယမင်းလွင် စသည်ဖြင့် အသီးသီး ရွေးကောက်တင်မြှောက်ခဲ့သည်။

ယခုကျင်းပပြီးစီးသွားသော ကွန်ဂရက်(ညီလာခံ)သို့ ခရိုင်မှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားခံရသူများ အပါအဝင် စုစုပေါင်း ၁၂၆ ဦးတက်ရောက်ခဲ့ပြီးလေ့လာသူ ၂၀ဦးကျော်လည်း ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။

KNU မြို့နယ်ကွန်ဂရက်ကို ၄ နှစ်တစ်ကြိမ် ကျင်းပခဲ့ရသော်လည်း အခြေအနေအမျိုးမျိုးကြောင့် ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယခု ၂၀၂၃ခုနှစ်မှ သာ ပြန်လည်ကျင်းပနိုင်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ဖွဲ့စည်းပုံတွင် ယခင်က မြို့နယ်အဆင့်ညီလာခံကို ၂ နှစ်တစ်ကြိမ်ချ မှတ်ထားသော်လည်း ကေအဲန်ယူ-ဗဟို၏ ၁၆ ကြိမ်မြောက်ကွန်ဂရက်မှ မြို့နယ်အဆင့်ညီလာခံကို ၄ နှစ်တစ် ကြိမ်ကျင်းပရမည်ဟု ပြောင်းလဲသတ်မှတ်ထားသည်။