Home သတင်း စစ်ရေးအရှိန်မြင့်တက်နေသော ပဲခူးတိုင်းအတွင်း တန်ဆောင်တိုင်ပွဲတော် စည်ကားစွာ ကျင်းပနိုင်ရေး စစ်ကောင်စီပြင်ဆင်နေ

စစ်ရေးအရှိန်မြင့်တက်နေသော ပဲခူးတိုင်းအတွင်း တန်ဆောင်တိုင်ပွဲတော် စည်ကားစွာ ကျင်းပနိုင်ရေး စစ်ကောင်စီပြင်ဆင်နေ

343
Photo: SAC

နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ စစ်ရေးအရှိန်မြင့်တက်နေသော်လည်း စစ်ကောင်စီက လာမည့် နိုဝင်ဘာလ(၂၅)ရက်မှ (၂၇)ရက်နေ့အထိ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးအား ပဲခူးမြို့အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရန် စီစဥ်နေကြောင်း စစ်တပ်လက်အောက်ခံ မီဒီယာများမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ရက်များတွင် ပဲခူးမြို့အတွင်း မီးရှူး၊ မီးပန်းပစ်လွှတ်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်း၊ ဈေးရောင်း ပွဲတော်များအပြင် နိုင်ငံကျော် အဆိုတော်များဖြင့် တေးဂီတဖျော်ဖြေခြင်းအစီအစဥ်များအား ထည့်သွင်းကာ စည်ကားစွာ ကျင်းပပြုလုပ်သွားမည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသတွင်ပါဝင်သော ပဲခူးတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များအကြား ယခုနှစ်အစောပိုင်းမှစ၍ တိုက်ပွဲ ပိုမိုပြင်းထန်လာနေပြီး စစ်တပ်ဘက်က လက်နက်ကြီးကြောင့် ပြည်သူလူထုထိခိုက်သေဆုံးမှုများ ဖြစ်ပွား နေချိန်တွင် ပွဲတော်များစည်ကားစွာ ပြုလုပ်ကျင်းပသော စစ်ကောင်စီ၏ ရည်ရွယ်ချက်သည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုကောင်းမွန်ကြောင်း ပြသလိုခြင်းဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး PDF ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ပြောသည်။

၎င်းက “ဒါက ကျနော်တို့ကြုံတွေ့နေကျပါပဲ။ လက်ရှိမှာ တိုင်းပြည်က စစ်ရေးအရှိန်အမြင့်ဆုံးကာလလို့ ပြော လို့ရတယ်။ ဒီလိုကာလမျိုးမှာ ပြည်သူတွေက စစ်ကောင်စီရဲ့ လက်ပါးစေတွေနဲ့မပေါင်းဖို့ မထိစပ်ဖို့ အရေးကြီးတယ်။ အခုလို တန်ဆောင်တိုင်ပွဲတို့ ပွဲလမ်းသဘင်တို့ကို စစ်တပ်က စည်စည်ကား ကားလုပ်မယ်ဆိုတာ နိုင်ငံတကာ မျက်နှာစာမှာ သူတို့ရဲ့အုပ်ချုပ်ရေးက လည်ပတ်နိုင်နေပါသေးတယ်ဆိုပြီး ပြချင်တဲ့ ဟန်ဆောင်လိမ်လည်မှုတစ်ခုပါ။” ဟု ကေအိုင်စီသို့ သည်။

ထို့အပြင် ပြည်သူလူထုအနေဖြင့်လည်း စစ်ကောင်စီ၏အတုအယောင်ပွဲတော်များတွင် ပါဝင်ဆင်နွှဲခြင်း မပြုလုပ်ဘဲ နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင် ပါဝင်ပေးကြရန် ၎င်းက ဆက်လက်မေတ္တာရပ်ခံထားသည်။

Photo: SAC

စစ်ကောင်စီက ပဲခူးမြို့အတွင်း ပျော်ပွဲရွှင်ပွဲများပြုလုပ်ရန် စီစဥ်နေချိန်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင် အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃) ထိန်းချုပ်သည့်နေရာများဖြစ်သော မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်များမှ အရပ်သားနေထိုင်ရာကျေးရွာများသို့စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တကျော့ ပြန်လည် လုပ်ဆောင်လာသဖြင့် ဒေသခံများ ထိခိုက်သေဆုံးမှုဖြစ်ပွားပြီး နေရပ်စွန့်ခွာထွက်ပြေး နေရသူ သိန်းချီရှိနေသည်။

“ကျနော်တို့ဘက်မှာ အာဏာမသိမ်းခင်ကတော့ ပွဲတော်တွေလုပ်ပါတယ်။ ဘုန်းကြီး ပျံပွဲတွေဆိုတာ ကြီးကြီး ကျယ်ကျယ်ကို လုပ်ကြတယ်။ အခုတော့ ဘာမှမလုပ်ကြတော့ဘူး။ ကထိန်တို့ဘာတို့ကတော့ သူ့ဘာသာရေး အရ နည်းနည်းပါးပါး လုပ်တာပဲရှိတယ်။ ကျနော်တို့ဘက်တွေကျ မြို့ပေါ်လောက်ကလွဲပြီး စစ်တပ်မ စိုးမိုးနိုင်ဘူး။ ပဲခူးကတော့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့တော်တော်လေး အလှမ်းဝေးတာလည်း ပါမယ်။ သူတို့စိုးမိုးနိုင် သေးလို့လည်း ပါမှာပေါ့လေ။” ဟု နယ်မြေလုံခြုံမှုမရှိသေးသည့် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ နေဒေသခံတစ်ဦးက ဆိုသည်။

ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာလ(၂၈)ရက်နေ့ကလည်း တိုင်းဒေသကြီး စစ်ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေ ဝင်းပါဝင်သော လက်အောက်ခံများက ပဲခူးမြို့၏ ပထမဆုံးအကြိမ် သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပနိုင် ရန် ပွဲဖြစ်မြောက်ရေးကော်မတီနှင့် ဈေးရောင်းပွဲတော်ဖြစ်မြောက်ရေး ကော်မတီများဖွဲ့စည်း၍ ရွှေမော်ဓောဘုရားလမ်း တစ်လျှောက် စည်ကားစွာပြုလုပ်ကျင်းပခဲ့သေးကြောင်း ၎င်းအစိုးရအဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။