ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဝေါလေရွာမြောက်ဘက်တွင် ယမန်နေ့ ဇူလိုင်လ ၂၉ရက်၊ နံနက်အစောပိုင်းက ဝေါ်လေဗျူဟာ ကုန်းစခန်း ထောင်ထားသော မိုင်းထိမှန်၍ အသက် ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့နံနက်အစောပိုင်းတွင် ကျေးရွာအတွင်း မျှစ်ရှာမှိုကောက်နေစဉ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်အောက်ခံ၊ နဗဟ(၂) မှူး ဗိုလ်မှူးကြီး ကျော်ဇင်ယျဦးဆောင်သော ဝေါ်လေဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ထောင်ထားသော မိုင်းနင်းမိသောကြောင့် အောင်မင်္ဂလာကျေးရွာနေ မခင်မာအေး (၁၂) နှစ် ၊ မဌေးမိုး (၁၉) နှစ်နှင့် မကောက်ချမ်း (၂၂)နှစ်တို့မှာ မိုင်းစထိမှန်ပြီး အသီးသီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA(၂၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဘူးဖောက ပြောသည်။
၎င်းက “မိုင်းကတော့ တိုက်မိုင်းပေါ့နော်။ နင်းမိုင်းဆိုရင်တော့ ခြေထောက်ပြတ်မှာပေါ့နော်။ အခုတိုက်မိုင်းက ဝေါ လေ ဗျူဟာကုန်းနဲ့လည်းနီးတယ်။ ရွာသားတွေက ဝေါလေရွာကပဲ။ ရွာသားတွေက မျှစ်တို့မှိုတို့ လိုက်ရှာရင်းနဲ့ ထိသွားတာ။ ၁၂ နှစ်အရွယ်မိန်းကလေး တစ်ယောက်ကတော့ စိုးရိမ်ရတယ်ပေါ့။ မြဝတီဘက်ကို ပို့ထားရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် ယခင်က မိုင်းထောင်ရာတွင် စခန်းနှင့် ကီလိုမီတာ ငါးဆယ် အကွာတွင်သာ ထောင်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် ကျေးရွာအနီးအနားထိပါ မိုင်းများထောင်လာကြောင်း ဒုဗိုလ်မှူးကြီး စောဘူးဖောက ဆက်ပြောသည်။
ပြီးခဲ့သည့်နှစ်အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း ဝေါလေကျေးရွာ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၉ နှစ်အရွယ် ဦးကျော်သူဆိုသူသည် မီးသွေးဖုတ်ရန်သွားရာတွင် ကျေးရွာနှင့် ကိုက် (၁၀၀) အကွာ အဝေး၌ စစ်ကောင်စီတပ်က ထောင်ထားသည့် တိုက်မိုင်းထိ၍ ကျောကုန်း၊ ပေါင်၊ ဦးခေါင်း၊ နားရွက် အပါအဝင် တစ်ကိုယ်လုံးနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
စစ်ရေးတင်းမာမှုရှိနေသည့် ဝေါ်လေဒေသတွင် စစ်ကောင်စီတပ်အပါအဝင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် -KNLA၊ ကော်သူးလေတပ်မတော်-KTLAနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့တို့ လှုပ်ရှားလျက်ရှိသည်။



















