ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ကျောင်းသားများကွန်ယက်အဖွဲ့-KSNG က နယ်မြေအသီးသီးတွင် ဖွဲ့စည်းထားသော ၎င်းတို့၏ ဒေသ အလိုက် ကွန်ရက်အဖွဲ့ဝင်များ ပါဝင်သည့် လူငယ်စွမ်းရည်မြှင့်သင်တန်းနှင့်KSNG ၏ ၆ လတာ နှစ်ဝက် အစည်းအဝေးကို KNU-ကရင်အမျိုးသား အစည်းအရုံး၏ ဖားအံခရိုင် အထက်တန်းကျောင်းတွင် ဇူလိုင်လ ၂၉ရက် ယမန်နေ့က ပြုလုပ်ပြီးစီးသွားခဲ့သည်။
ဇူလိုင်လ ၂၇ ရက်မှစ၍ ၂၉ ရက်နေ့အထိ ၃ ရက်တာ ပြုလုပ်ခဲ့ပြီး ကရင်ကျောင်းသား လူငယ်များအနေဖြင့် အချင်း ချင်းကြား ချိတ်ဆက်မှု အားကောင်းစေကာ အမျိုးသားရေးကဏ္ဍများတွင် ပိုမိုတက်ကြွစွာ ပါဝင်လာစေရန် ပြုလုပ် ရခြင်းဖြစ်ကြောင်း KSNG အတွင်းရေးမှူး စောငဲငယ်က ပြောသည်။
၎င်း“ကျနော်တို့ ခေတ်မှာ ဒီလိုမျိုးနှီးနှောဖလှယ်မှုတွေ ချိတ်ဆက်လုပ်ဆောင်မှုတွေကို ပုံစံကောင်းတစ်ခုရအောင် လုပ်ဆောင်နိုင်ခြင်းဖြင့် နောင်လာမယ့်မျိုးဆက်သစ်တွေအနေနဲ့က ဒါကို အတုယူပြီးပိုမိုချိတ်ဆက် လုပ်ဆောင်မှု ကောင်းစေဖို့ နဲ့ တစ်ယောက်နဲ့တစ်ယောက် အမျိုးသားတာဝန်တွေမှာ စိတ်အားထက်သန်စွာ လုပ်ဆောင် နိုင်ဖို့ အတွက်ဖြစ်တယ်။ ဆိုလိုတာက ကျောင်းသားဆိုပေမဲ့ အများကြီး ပါဝင်လုပ်ဆောင်နိုင်တယ် ဆိုတာမျိုး ပေါ့နော်”ဟု ကေအိုင်စီသို့ပြောသည်။
၎င်းလူငယ်စွမ်းရည်မြှင့်သင်တန်းနှင့် KSNG ၏ ၆ လတာနှစ်ဝက်အစည်းအဝေးသို့ မယ် ရာမူ၊ မယ်လ၊ တောနော်၊ သူမွဲခီးစသည့် KSNG အဖွဲ့ဝင်များနှင့် ဖားအံခရိုင် အထက်တန်းကျောင်းသူ၊ ကျောင်းသားများ၊ အကြံပေးပုဂ္ဂိုလ်များ စုစုပေါင်း ၁၀၀ နီးပါး ပါဝင်တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးဆိုင်ရာ၊ သဘာဝ ပတ်ဝန်း ကျင်းဆိုင်ရာ နှင့် ကရင်ပညာရေးဌာနဆိုင်ရာများကို သက်ဆိုင်ရာခေါင်းဆောင်များက လာရောက်ဆွေးနွေး ဖလှယ်ခဲ့ကြသည်။
ထို့အပြင် အစီအစဉ်၏ နောက်ဆုံးရက်တွင် KSNG ၏ နှစ်ဝက် အစည်းအဝေးကိုတပါးတည်း ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ဒေသအသီးသီးမှ တက်ရောက်လာသည့် KSNG အဖွဲ့ဝင် အဖွဲ့အစည်းများက ၆ လတာအတွင်း ဆောင်ရွက်ချက်များကို အစီရင်ခံတင်ပြခြင်း၊ မတက်ရောက်လာနိုင်သည့်ကျန်ဒေသ၏ အဖွဲ့ဝင်များ၏ အစီရင်ခံမှုများကို ဖတ်ကြားခြင်းနှင့် လာမည့် နှစ်ကုန်အစည်းအဝေး ကျင်းပသွား မည့်အစီအစဉ်များ ရှေ့ဆက်လုပ်ဆောင်ရမည့်ရှေ့လုပ်ငန်းစဉ်အချို့ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။
မယ်ခေါ်ခါး KSNG အဖွဲ့၏ ကိုယ်စားလှယ် စောဩဂတ်စ်မူး က “ဒီလိုလူငယ်စွမ်းရည်မြှင့်သင်တန်းကို တက်ဖူးတာ ဒါ ပထမဦးဆုံးပဲ။ ဒီလိုအစီအစဉ်မျိုးက ကျနော်တို့ ကွန်မြူနတီမှာဖြစ်ဖြစ် ကျနော်တို့ လူငယ်တွေကျောင်း သားတွေကြားမှာ ဒါမျိုးလုပ်ပေးသင့်တယ်။ ဘာဖြစ်လဲဆိုတော့ ဒီလိုစွမ်းရည်မြှင့်တင်တာမျိုးက ကျနော်တို့ လူငယ် တွေအတွက် အရမ်းကိုအရေးကြီးပါတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
KSNG ၏ စွမ်းရည်မြှင့်အစီအစဉ်အတွင်း သက်ဆိုင်ရာခေါင်းဆောင်များ၏ ဘာသာရပ်အလိုက် လာရောက်ဆွေး နွေးဝေမျှပေးခြင်းအပြင် အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖော်ထုတ်ပြသသည့် ပြိုင်ပွဲများလည်း ပြုလုပ်ပေးခဲ့ကာ သက်ဆိုင်ရာအစုအဖွဲ့ခွဲ၍ ပြိုင်ဆိုင်ပြသပြီး အနိုင်ရသည့် အဖွဲ့များကို ဆုများပေးအပ်ခဲ့ကြသည်။
“ ဒီအစီအစဉ်ကနေ ကျမအများကြီးသင်ယူလိုက်ရပါတယ်။ အရင်ကထက် ကျမအနေနဲ့ ပိုပြီးတော့ စဉ်းစားတတ်လာတယ်။ မျိုးဆက်သစ် တာဝန်ကို ဘယ်လိုဆက်ခံရမလဲ နောင်လာမယ့် မျိုးဆက် သစ်တွေအတွက်လည်း ဘယ်လို လုပ်ဆောင်ပေးသင့် သလဲဆိုတာတွေကို စဉ်းစားတတ်သွားတယ်။” ဟု တောနော်အထက်တန်းကျောင်းသူ နော်ဆဲဆဲအယ်က ပြောသည်။
KSNG အနေဖြင့် ယခုလို လူငယ်စွမ်းရည်မြှင့်သင်တန်းများအပြင် အလားတူ လူငယ်နှင့် အသိပညာ နှီးနှောဖလှယ်ပွဲများကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေများ အသီးသီး ရှိ ကောလိပ်နှင့် အထက်တန်း ပညာရေးကျောင်းများအပြင် နယ်စပ် ဒုက္ခသည်စခန်း အတွင်းရှိ စာသင်ကျောင်းများတွင် နှစ်စဉ် ပြုလုပ်လေ့ရှိသည်။



















