ဇွန်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယခုနှစ် ခြံထွက်သီးနှံများဈေး ကောင်းရရှိသော်လည်း အသီးထွက်နှုန်း သိသိသာသာလျော့ကျလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ယခုနှစ်ရာသီတွင် ဒူးရင်းသီး၊ မီးကွတ်သီး၊ နာနတ်သီး၊ ရှောက်သီးနှင့် သံပုရာသီး စသည့် ဒေသ ထွက်သီးနှံများသည် အထွက်နှုန်းထက်ဝက်ခန့် လျော့ကျကာ အချို့ခြံတွင် အနည်းငယ်သာ အသီးသီးနေကြကြောင်း ခြံရှင်များထံမှ သိရသည်။
ဒူရင်းခြံပိုင်ရှင်တစ်ဦးက”ဒူးရင်းသီးကဒီနှစ်ဈေးကောင်းတယ်။ အသီးက အရင်းနှစ်တွေလိုမများဘူး။ သုံးပုံမှာ တစ်ပုံခွဲပဲရှိတယ်။ အချို့ခြံတွေဆိုအသီးတောင်မရှိဘူး။ အသီးနည်းတော့ သွားမစောင့်တော့ဘူး၊ ဒီတိုင်းပဲကြွေကျပြီးကြွက်တွေစားသွားတယ်။ အသီးနည်းနည်းများတဲ့ခြံတော့ရတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ကော့ကရိတ်ဒေသတွင် ခြံထွက် ဒူးရင်းသီးတစ်လုံးလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ စျေးရှိပြီး မီးကွတ်သီး တစ်လုံးလျှင် ၂၀၀ ကျပ်နှင့် သံပုရာသီးတစ်လုံးလျှင် ၅၀ ကျပ်အထိ စျေးကောင်းရရှိလျက်ရှိသည်။ ခြံထွက်သီးနှံများဈေးကောင်းရသော်လည်း စစ်ကောင်စီတပ်မှ ပြီးခဲ့သည့်လက မြို့အဝင် လမ်းများကို ဖျက်ဆီးလိုက်ခြင်းကြောင့် သီးနှံများသယ်ယူရာတွင် အခက်အခဲများရှိနေကြောင်း သီးနှံဝယ်ရောင်းသူများက ပြောသည်။
“ကော့ကရိတ်မြို့အဝင်လမ်းတွေပိတ်တော့ ပတ်လမ်းနဲ့သွားရတာအခက်အခဲအများကြီးရှိတယ်။ မနေ့က ဆင်းလာတာချောင်းထဲမှာကားတွေနစ်တာ ဒူးရင်းသီးအပြည့်နဲ့တွန်းနေရတယ်။ ရေကလည်း ကားဖင်ထိုင်ခုံလောက်ရောက်နေတယ်။ ပိုက်ဆံရှာရတာမလွယ်ဘူး”ဟု ဒေသထွက်သီးနှံဝယ်ရောင်းသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့အဝင်လမ်းများကို ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ နေ့စဉ် ပစ်ခတ်ခြင်း၊ ဒေသခံများအချို့၏ ခြံဝင်းထဲတွင် မိုင်းများထောင်းခြင်းတို့လုပ်ဆောင်သည့်အတွက် ယခုနှစ် ရာသီသီးနှံများပေါ်ချိန်တွင် အခက်အခဲဒုက္ခအမျိုးမျိုးဖြင့် လုပ်ကိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။



















