Home ဆောင်းပါး မရေရာ မသေချာသည့် အနာဂတ်များ

မရေရာ မသေချာသည့် အနာဂတ်များ

1319

စအိုင်ဆူး

(ဇွန်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်)

KNU-ကရင်အမျိုးသားအစည်းအရုံး၏ စီစဉ်ပေးမှုဖြင့် လုံခြုံစိတ်ချရသည်ဟု ယူဆရသောနေရာကို နော်ဖောဟေမူးတို့မိသားစု လာရောက်ခိုလှုံနေထိုင်နေသည်မှာ ယခုဆိုလျှင် ၉လနီးပါး ကြာမြင့်သွားပြီး ဖြစ်သည်။

ရွာမှာနေစဉ်အခါက အမြှောက်သံ၊ ဗုံးသံများ နေ့စဉ်ကြားနေရပြီး အသက်အန္တရာယ်အတွက် လုံခြုံမှုမရှိ တော့သည့် ဇာတိမြေမှ အိုးအိမ်မြေနေရာကို စွန့်ကာ မိသားစုလိုက် တောလမ်းခရီးကြမ်းနှင်ရင်း တောင်ငူ မြို့ပေါ် ရပ်ကွက်တစ်ခုမှာ ခေတ္တယာယီ ခိုလှုံခဲ့ကြပြီးနောက် လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးသည့် ကေအဲန်ယူ တပ်မဟာ(၇) နယ်မြေသို့ ရောက်ရှိခိုလှုံလာခဲ့ကြသည်။

ကလေး (၄)ဦးမိခင်၊ အသက် ၄၀ကျော်အရွယ် နော်ဖောဟေမူးသည် လက်နက်ကိုင်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေရာ ကေအဲန်ယူ၊ တပ်မဟာ (၃) ထိန်းချုပ်ရာနယ်မြေ မုန်းမြို့နယ်၊ ရွာဟောင်း ကျေးရွာအုပ်စု၊ ရွာဟောင်းကျေးရွာ ဇာတိဖြစ်ပြီး လွန်ခဲ့သည့်နှစ်က တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေမှုကြောင့် ယခုလို ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်ဟု နော်ဖောဟေမူးက ဆိုသည်။

“ကျမတို့ရွာမှာ တိုက်ပွဲတွေဖြစ်သလို စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ လာပစ်တော့ ရွာမှာမနေရဲကြတော့ ဘူး။ လေယာဉ်နဲ့ပစ်ပြီး ပြန်သွားပြန်ရင်လည်း ညတိုင်းလိုလို ရွာထဲကို လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်တာ။ အဲ့တော့ ရွာမှာဘယ်သူမှ မနေရဲကြတော့ဘူး။ ရွာပြင်က တောတောင်တွေထဲမှာ လိုက်ပြေးပုန်းရတာ။ တောထဲမှာက ဆေးဝါးမရှိ။ ပိုးကောင်တွေက ကိုက်၊ မိုးကရွာနဲ့ အတော်လေး ဒုက္ခရောက်ခဲ့ရတယ်။”ဟု ရွာကို စွန့်ခွာလိုက်ရသည့် အဓိက အကြောင်းရင်းကို သူမက ရှင်းပြသည်။

လက်ရှိ သူတို့ ခိုလှုံနေထိုင်ရာ တပ်မဟာ (၇)နယ်မြေသို့ မရောက်ရှိသေးခင်ကာလက နော်ဖောဟေမူးတို့ မိသားစုအနေဖြင့် တောတောင်ထဲတွင် ရက်ပေါင်းများစွာ ရှောင်တိမ်းခဲ့ရသလို ထိုမှတဆင့် တောင်ငူမြို့ပေါ် ကို ရောက်ရှိခဲ့ကြပြီး မြို့ပေါ်လူနေမှုအခြေအနေအရ ဆက်လက်နေထိုင်ကြရန် ခက်ခဲလာသည့်အတွက် နီးစပ်ရာဆွေမျိုးများ၏ အကူအညီဖြင့် တပ်မဟာ(၇) နယ်မြေထဲသို့ ထွက်ပြေးရောက်ရှိလာခဲ့ကြခြင်းဖြစ် သည်ဟု သူမက ပြန်ပြောင်းပြောပြသည်။

“ဒီကို ချက်ချင်းကြီးတော့ ရောက်လာတာမဟုတ်ဘူး။ ကျမတို့ တောထဲတောင်ထဲပြေးတယ်။ အဲ့ကနေ မြို့ပေါ်ကို ရောက်သွားတယ်။ မြို့မှာက ဝယ်ခြမ်းစားသောက်ဖို့က စျေးတအားကြီးတာ။ ကိုယ့်မှာကလည်း ပိုက်ဆံတစ်ပြားမှ ပါလာကြတာမဟုတ်ဘူး။ အဲ့ကနေတဆင့် အသိဆွေမျိုးတစ်ဦးရဲ့ အကူအညီနဲ့ ဒီကို ရောက်လာတာ။ အဲ့တော့ ခေါင်းဆောင်တွေ စီစဉ်ပေးထားတဲ့နေရာမှာပဲ နေကြရတာပေါ့။”ဟု နော်ဖောဟေမူးက ဆက်လက်ပြောပြသည်။

ကေအဲန်ယူ ထိန်းချုပ်ရာ တပ်မဟာနယ်မြေ (၇) ခုရှိသည့်အနက် တပ်မဟာ (၇) နယ်မြေ၊ ဖားအံခရိုင်မှလွဲ၍ ကျန်တပ်မဟာ၊ ခရိုင်အသီးသီးတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲများ နေ့စဉ်နီးပါး ပြန်လည် ဖြစ်ပွားနေပြီး ဖာပွန်ခရိုင်(တပ်မဟာ-၅)၊ ဒူးပလာယာခရိုင်(တပ်မဟာ-၆)၊ သထုံခရိုင် (တပ်မဟာ-၁) နှင့် နော်ဖောဟေမူး နေထိုင်ရာ ညောင်လေးပင်ခရိုင် (တပ်မဟာ ၃) နယ်မြေတို့တွင် တိုက်ပွဲအများဆုံး ဖြစ်ပွားနေကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် အသုံးပြုခဲ့သလို ညအချိန်များတွင်လည်း ကျေးရွာများတည်ရှိရာသို့ လက်နက်ကြီးများ ညစဉ်နီးပါး ရမ်းသမ်းပစ်ခတ်လေ့ရှိ ခြင်းကြောင့် သိန်းနှင့်ချီသည့် ဒေသခံများဘေးလွတ်ရာနေရာများကို ထွက်ပြေးခိုလှုံနေကြရပြီး ယနေ့အချိန် ထိ နေအိမ်ပြန်မရောက်သူများစွာရှိနေသေးသည်။

အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးရသူများအနက် နော်ဖောဟေမူးတို့ နေထိုင်ရာ ညောင်လေးပင်ခရိုင် (တပ်မဟာ -၃) နယ်မြေတစ်ခုတည်းပင် စစ်ဘေးရှောင် တစ်သောင်း ခွဲ(၁၅,၀၀၀)ခန့် ရှိနေကြောင်း ကရင် အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“ဒီကိုရောက်တော့မှ ကောင်းကောင်းလေး အိပ်နိုင်တော့တယ်။ ရွာမှာနေတုန်းကဆိုရင် မိုးလင်းတာနဲ့ ဘယ်ကိုပြေးရမလဲဆိုတာပဲ ထိုင်ပြီး စဉ်းစားနေရတယ်။ သေနတ်သံ၊ လက်နက်ကြီးသံတွေကြောင့် တခါတခါဆို တစ်ညလုံး မအိပ်ရတဲ့အခါတွေရှိတယ်။ ဒီလိုပဲ လျှောက်ပြေးပုန်းနေရတာပေါ့။”ဟု နော်ဖောဟေမူးက ရွာကို မစွန့်ခွာခင်ကာလက ၎င်းဒေသရှိ ဒေသခံများ၏ နေ့စဉ်ကြုံတွေ့ရသည့် အခြေ အနေကို ပြန်ရှင်းပြသည်။

သို့သော် လက်ရှိ နော်ဖောဟေမူး ရောက်ရှိရာနေရာသည် လက်နက်ကြီးသံ၊ သေနတ်သံများ မကြားရတော့ ပေမဲ့လည်း စစ်ပြေးဒုက္ခသည်ဖြစ်သည်နှင့်အမျှ နယ်မြေဒေသသစ်တွင် သားသမီး ၄ဦး၏မိခင်ဖြစ်သူအနေ ဖြင့် ဘဝကို ဆက်လက်ရှင်သန် ရပ်တည်ရန် စိန်ခေါ်မှုများစွာရှိနေကြောင်း သူမက ဆက်ပြောသည်။

သူမက “ကိုယ့်ဒေသမဟုတ်တော့ ဘာမှလုပ်ကိုင်စားသောက်လို့မတတ်ဘူး။ သူများလာလှူပေးတာကိုပဲ မှီခို အားထားရတယ်။ တခါတလေ နေ့စား အလုပ်ငှားမယ့်သူရှိရင် သွားလုပ်တာမျိုး ရှိတာပေါ့။ အိမ်ပြန်ဖို့ဆိုတာ ကလည်း မပြန်ရဲတော့ဘူးလေ။ ဒီမှာက ကိုယ့်နေရာလည်းမဟုတ်တော့ ဘာမှမလုပ်စားတတ်ဘူး။ ကလေးတွေကို ကျောင်းထားဖို့ဆိုတာကလည်း ကုန်ကျစရိတ်ရှိတယ်လေ။ အနာဂတ်အတွက်တော့ အရမ်း ရင်လေးမိတယ်။”ဟု အနာဂတ်၏ မရေရာပုံများကို ရှင်းပြသည်။

နော်ဖောဟေမူးတို့ မိသားစု အပါအဝင် ကေအဲန်ယူ ညောင်လေးပင်ခရိုင်၊ (တပ်မဟာ -၃) နယ်မြေမှတဆင့် ဖားအံခရိုင်(တပ်မဟာ -၇) နယ်မြေထဲသို့ တိမ်းရှောင်ခိုလှုံလာသူ အိမ်ထောင်စုရာနှင့်ချီရှိခဲ့ပြီး လူဦးရေအား ဖြင့် ထောင်ဂဏန်းအထိရှိသည်။ အချို့သော စစ်ပြေးရှောင်များမှာ နီးစပ်ရာ ဆွေမျိုး မိသားစုဝင်များ၏ အကူအညီဖြင့် တစ်ဖက်ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်ခိုလှုံသူများရှိသလို သွားစရာမရှိသူများမှာမူ ကေအဲန်ယူ ဖားအံခရိုင် တာဝန်ရှိသူများ၏ စီစဉ်ပေးထားသည့်နေရာတွင် ကျန်ရစ်နေခဲ့ကြရသည်။

လက်ရှိ ကျန်ရစ်သူများ၏ စာရင်းများအရ အိမ်ထောင်စု ၃၅စု၊ လူဦးရေအားဖြင့် ၁၅၉ဦးမှာ ကေအဲန်ယူ တာဝန်ရှိသူများ စီစဉ်ပေးထားသည့်နေရာတွင် နေထိုင်နေကြရပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာအချို့ကို ကေအဲန်ယူက လစဉ် ကူညီထောက်ပံ့ပေးထားရသည်။

စစ်ရှောင်များကို အနီးကပ် ကူညီစောင့်ရှောက်ပေးနေရသူ အသက် ၆၀နှစ်အရွယ် ရွာသူကြီးမ နော်ခေါထော့က “ဆန်ကတော့ လစဉ်ပုံမှန်လာပါတယ်။ ကျန်တာကတော့ သူတို့ပါသူတို့လည်း ရှာစားရတာ ပေါ့။ လုံလုံလောက်လောက်တော့ စားရပါတယ်။ ဒါပေမဲ့ ဆီတို့၊ ငါးသေတ္တာတို့ကတော့ မလောက်ငှဘူးပေါ့။ တစ်လကိုမှ ဆီတစ်ဗူး၊ ငါးသေတ္တာ ၄ဗူး၊ ဆားနှစ်ထုပ်လောက်ပါတယ်။”ဟု ပြောသည်။

၎င်းစစ်ရှောင်များနေထိုင်ရာ နေရာသည် ယခင် ဂျပန်နိုင်ငံ အခြေစိုက် နိပွန်ဖောင်ဒေးရှင်းမှ လာရောက် ဆောက်လုပ်ပေးထားသည့် တန်ဖိုးနည်းအိမ်ရာများတွင် ယာယီနေထိုင်ရသောကြောင့် နေရေးထိုင်ရေးအ တွက် အဆင်ပြေကြသော်လည်း လုပ်ကိုင်စားသောက်နိုင်ခြင်းမရှိသလို ဝင်ငွေလည်း မရှိကြကြောင်း စစ်ရှောင်များက ဆိုသည်။

ထိုသို့ မိသားစုဝင်ငွေမရှိကြခြင်းမှာလည်း နော်ဖောဟေမူးလို စစ်ရှောင်ခိုလှုံလာသူ မိသားစုဝင်များ၏ ကလေးငယ်များကို ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ကြိုစောင့်နေလျက်ရှိသည်။

အဆိုပါယာယီစစ်ရှောင်နေရာတွင် မူလတန်းအဆင့် စာသင်ကျောင်းတစ်ကျောင်းရှိပြီး ယာယီ စစ်ရှောင်လာ သူ ကလေးငယ်များအနေဖြင့် စတုတ္ထတန်းအထိ ပညာသင်ကြားနိုင်ခွင့်ရှိသော်လည်း မူလတန်းအလွန် ပညာရေးကို ဆက်လက်သင်ယူနိုင်ရန်မှာမူ မိသားစုဝင်ငွေမရှိသည့် စိန်ခေါ်မှုတစ်ရပ်က ကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို ဆုံးရှုံးသွားစေနိုင်သည်ဟု စစ်ရှောင်လာသူများက ပြောဆိုကြသည်။

၎င်းအပြင် စစ်ဘေးရှောင်လာသူများထဲတွင် ပြည်တွင်း၌ အထက်တန်းနှင့် အလယ်တန်းပညာကို တစ်ပိုင်း တစ်စဖြင့် သင်ယူထားသူများလည်းပါဝင်နေပြီး ၎င်းတို့ ဆက်လက်ပညာ သင်ကြားရန်အတွက်လည်း စိန်ခေါ်မှု ကြီးမားလျက်ရှိသည်ဟု အသက် ၂၀နှစ်အရွယ် စောဆာကပရူက ယခုလို ပြောသည်။

“ကျနော် ကျောင်းထွက်ထားရတာလည်း နှစ်ကြာနေပြီး။ ပြီးတော့ အခုက ကိုယ့်နေရာဒေသလည်း မဟုတ် တော့ ကိုယ့်ကိုယ်ရေးကိုယ်တာအတွက် ဘယ်လိုမှ မလုပ်နိုင်ဘူး။ အခွင့်အရေးရရင်တော့ ကျောင်းဆက် တက်ချင်သေးတယ်”ဟု ကိုဗစ်စတင်ဖြစ်ပွားခဲ့သည့်နှစ်မှစ၍ ယခုအချိန်ထိ ပညာရေးရပ်နားထားရသည့် စောဆာကပရူက ပြောသည်။

အဆိုပါ နေရာရှိ မူလတန်းကျောင်းသည် စတုတ္ထတန်းအထိသာရှိပြီး တချို့ကျောင်းသူကျောင်းသားများမှာ မိဘများ၏ အခက်အခဲများကြောင့် ပညာဆက်လက် မသင်ကြားနိုင်ကြတော့ဘဲ စတုတ္ထတန်းအထိသာ ပညာသင်ကြားမှု ရပ်တန့်လိုက်ရသူများလည်းရှိကြောင်း စစ်ရှောင်မိသားစုဝင်များမှ ကျောင်းသားမိဘများ က ပြောသည်။

ထို့အတူ ၎င်းတို့ နေရေးထိုင်ရေးအတွက် လုံခြုံစိတ်ချရသည်ဟုဆိုသော်ငြားလည်း အဆိုပါ စစ်ရှောင်နေရာ နှင့် မလှမ်းမကမ်းတွင် စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုနှင့် နယ်ခြားစောင့်(BGF) တပ်စခန်းငယ်တစ်ခုရှိ သောကြောင့် လုံခြုံရေးအတွက် စိုးရိမ်ရမှုများရှိသလို နွေရာသီရေရှားပါးမှုနှင့် ထင်းမီးသွေးရှာဖွေခွင့် မရကြ သောကြောင့်လည်း အခက်အခဲကြုံတွေ့ကြရပြန်သည်။

ကလေးတစ်ယောက်မိခင် နော်ဟီးလာဖောကလည်း “ဒီမှာနေရတာလည်း စိုးရိမ်ရတာပဲ။ ဒီမှာက စစ်တပ် တွေလည်း ရှိတယ်လေ။ ဒီမှာနေရတာလည်း အာမခံချက်ရှိတာမျိုးမဟုတ်ဘူး။ ကျမတို့ မျှော်လင့်တာက ဖြစ်နိုင်ရင် လုံလုံခြုံခြုံနဲ့ ကိုယ့်ကလေးတွေလည်း ပညာသင်ကြားနိုင်ခွင့်ရှိတဲ့ နေရာလေးတစ်ခုမှာတော့ နေရဖို့မျှော်လင့်တာပေါ့။ ရွာကိုပြန်ဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ဘူးလေ။”ဟု မျှော်လင့်ချက်ပါသည့် မျက်လုံးဖြင့် ကြည့်ကာ သူမ ပြောပြရှာသည်။

လတ်တလောတွင်လည်း ၎င်းစစ်ရှောင်ပြည်သူများနေထိုင်ရာ ကေအဲန်ယူ ထိန်းချုပ်ရာ တပ်မဟာ(၃) နယ်မြေတွင် တော်လှန်ရေးတပ်ပေါင်းစုဘက်က မြို့တွင်းတိုက်ပွဲများပါ ဖော်ဆောင်လာသောကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းနှင့် လက်နက်ကြီးကို ပိုမို အားထားကာ လက်တုံ့ပြန်နေသောကြောင့် စစ်ဘေးရှောင်များမှာ ယခုအချိန် နေရပ်မပြန်နိုင်သေးဘဲ အသက်ဘေးလွတ်မြောက်ရာသို့ အသက်လုထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်သည်။

ထိုသို့ နေရပ်မပြန်နိုင်သေးသည့်အပြင် ပြင်းထန်လာသည့် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ လည်း ပိုမိုတိုးလာပြီး နီးစပ်ရာ ဘေးလွတ်ရာ ဒေသများတွင် ပုံစံမျိုးစုံဖြင့် ရှောင်တိမ်း ပြေးလွှားခိုလှုံနေကြရ သည်။ လက်နက်ကိုက် ပဋိပက္ခကြာမြင့်လာသည်နှင့်အမျှ ၎င်းစစ်ရှောင်ဒုက္ခသည်များအတွက် အကူအညီ အထောက်အပံ့များလည်း အကန့်အသတ်ရှိလာသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောဆိုသည်။

နယ်မြေတွင်းစစ်ရေးပဋိပက္ခကြောင့် စစ်ရှောင်လာသည့် အဆိုပါ စစ်ဘေးရှောင်ပြည်သူများအား လုံခြုံစိတ် ချရသည့် စစ်ရှောင်စခန်းများနှင့် လေယာဉ်မပျံသန်းရဇုန်များ သတ်မှတ်ပေးပြီး အိမ်နီးချင်းနိုင်ငံအနေဖြင့် လည်း ကန့်သတ်တားမြစ်ချက်များမထားဘဲ နယ်စပ်ဖြတ်ကျော် အကူအညီများကို ဖွင့်ထားပေးသင့်သည်။

ဒေသတွင်း ဆက်လက်မြင့်တက်နေသည့် လက်နက်ကိုင်ပဋိပက္ခအကြား ပြည်တွင်းစစ်ရှောင်များအနေဖြင့် အိမ်ပြန်နိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သလို မရေရာမသေချာသည့်အနာဂတ်များဖြင့် ဆက်လက်၍ စစ်ပြေးဘ၀ ဖြစ်နေကြရအုံးမည်ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေတွင် ကလေး ၄ဦးမိခင် နော်ဖောဟေမူးက “အိမ်ကိုတော့ မပြန်တော့ဘူး။ ပြန်ရင် လည်း အေးအေးချမ်းချမ်းမနေရဘူး။ အခုကျမတို့ ပြေးလက်စရှိပြီးဆိုတော့ ပြေးစရာ ရှိရင်လည်း ဆက် ပြေးရုံပဲ ရှိတာပေါ့။”ဟု ပြောဆိုသွားပါတော့သည်။